ဖီဖာတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မက်ဆီ ၇ ကြိမ်မြောက် ဆွတ်ခူးပြီး စံချိန်သစ်တင်

0
2968
ဓာတ်ပုံ – FIFA THE BEST Awards Ceremony

အာဂျင်တီးနားနှင့် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီ သည် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားဆု The Best ဆုကို ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှုတလျှောက်တွင် ၇ ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရှိရသည်။

မက်ဆီသည် ပီအက်စ်ဂျီအသင်းဖော် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အမ်ဘတ်ပေကို ကျော်ဖြတ်ကာ ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသိမ်းပိုက်သွားခဲ့ခြင်းဖြစ်ပြီး မက်ဆီ၏ပြိုင်ဘက် စီရော်နယ်ဒိုမှာ ယခုနှစ် ဖီဖာတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးအဆင့်ဆန်ခါတင်စာရင်းပင် မဝင်နိုင်တော့သည်ကို မြင်တွေ့ကြရသည်။

ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုများကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပပြုလုပ်သည့်နှစ်များတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ စွမ်းဆောင်ရည်ကောင်းများ ထုတ်ဖော်ပြသနိုင်သောအသင်းကို ကိုယ်စားပြုခွင့်ရသော ကစားသမားများက ဆွတ်ခူးလေ့ရှိသော အစဉ်အလာမှာ ယခုနှစ်တွင်လည်း ဆက်လက် မှန်ကန်ခဲ့ပြီး ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆု အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ရရှိသကဲ့သို့ ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီ၊ ဖီဖာတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို အာဂျင်တီးနားနှင့် အက်စတွန်ဗီလာအသင်းဂိုးသမား မာတီနက်ဇ်တို့က အသီးသီး ဆွတ်ခူးသွားနိုင်ခဲ့သည်။

ဖီဖာတစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို စပိန်နှင့် ဘာစီလိုနာကွင်းလယ်လူ အလက်ဇီယာ ပူတဲလပ်စ်က ရရှိသွားခဲ့ပြီး ဖီဖာတစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဘောလုံးနည်းပြဆုကို အင်္ဂလန်အမျိုးသမီး လက်ရွေးစင်အသင်းနည်းပြ ဆာရီနာ ဝိုက်ဂ်မန်းက ဆွတ်ခူးသွားနိုင်ခဲ့သည်။

မက်ဆီသည် ဖီဖာတစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို FIFA World Player of the Year အမအမည်ဖြင့် ပေးအပ်ချီးမြှင့်စဉ်က တစ်ကြိမ်၊ FIFA Ballon d’Or အမည်ဖြင့် ချီးမြှင့်ပေးအပ်စဉ်က လေးကြိမ်၊ ယခု လက်ရှိ The Best အမည်ဖြင့် ချီးမြှင့်ချိန်တွင် နှစ်ကြိမ်ရယူကာ ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၇ ကြိမ် ရရှိသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ဖီဖာ တစ်နှစ်တာအကောင်းဆုံး The Best ဆုများ ရရှိမှုစာရင်း

ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆု – မက်ဆီ(အာဂျင်တီးနားနှင့် ပီအက်စ်ဂျီ)

ဖီဖာတစ်နှစ်တာအကောင်းဆုံး အမျိုးသမီးကစားသမားဆု – ပူတဲလပ်စ်(စပိန်နှင့် ဘာစီလိုနာ)

ဖီဖာတစ်နှစ်တာအကောင်းဆုံး အမျိုးသားအသင်း နည်းပြဆု – စကာလိုနီ(အာဂျင်တီးနား)

ဖီဖာတစ်နှစ်တာအကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆု – ဆာရီနာ ဝိုက်ဂ်မန်း(အင်္ဂလန်)

ဖီဖာတစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု(အမျိုးသားအသင်း) – မာတီနက်ဇ်(အာဂျင်တီးနားနှင့် အက်စတွန်ဗီလာ)

ဖီဖာတစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု(အမျိုးသမီးအသင်း) – မေရီအပ်စ်(မန်ယူနှင့် အင်္ဂလန်)

ဖီဖာတစ်နှစ်တာအကောင်းဆုံး သွင်းဂိုးဆု(ပွတ်ရှ်ကပ်စ်ဆု) – မာဆင် အိုလက်ခ်ဆေး(ဝါတာ ပေါ့ဇ်နန် – ပိုလန်ကလပ်)

ဖီဖာတစ်နှစ်တာအကောင်းဆုံး ပရိသတ်ဆု – အာဂျင်တီးနားပရိသတ်များ

ဖီဖာတစ်နှစ်တာအကောင်းဆုံးအသင်း

ဂိုး – ကော်တွိုက်စ်(ရီးရဲလ်မက်ဒရစ်နှင့် ဘယ်လ်ဂျီယံ)

ခံစစ် – ဟာကီမီ(ပီအက်စ်ဂျီနှင့် မိုနာကို)၊ ကန်ဆယ်လို(ဘိုင်ယန်မြူးနစ်/မန်စီးတီးနှင့် ပေါ်တူဂီ)၊ ဗန်ဒိုက်ဂျ်(လီဗာပူးနှင့် နယ်သာလန်)

ကွင်းလယ် – ဒီဘရိုင်းနေး(မန်စီးတီးနှင့် ဘယ်လ်ဂျီယံ)၊ မိုဒရစ်(ရီးရဲလ်မက်ဒရစ်နှင့် ခရိုအေးရှား)၊ ကတ်စ်မဲရိုး(မန်ယူနှင့် ဘရာဇီး)

တိုက်စစ် – အမ်ဘတ်ပေ(ပီအက်စ်ဂျီနှင့် ပြင်သစ်)၊ မက်ဆီ(ပီအက်စ်ဂျီနှင့် အာဂျင်တီးနား)၊ ဘင်ဇီးမား(ရီးရဲလ်မက်ဒရစ်)၊ ဟာလန်း(မန်စီးတီးနှင့် နော်ဝေ)