ကော့သောင်းတွင် စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ကဝင်တိုက်

0
2468

ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းက ယနေ့ညနေတွင် ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဝိုင်းဒင်းရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်း၊ ပုလဲစစ်ကြောင်းနှင့်  ကော်သူးလေပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝိုင်ဒင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း အင်အား ၁၇၀ ခန့်ရှိစစ်ကောင်စီတပ်နှင့် ကော်သူးလေပူးပေါင်းတပ်တို့ သုံးနာရီအကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင် စစ်ကောင်စီတပ်သား ၅၀ ဦးခန့်ဒဏ်ရာရခဲ့ပြီး ၈ ဦးသေဆုံးကာ ပူးပေါင်းတပ်ဖက်မှ ရဲဘော် ၂ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ကော့သောင်း၊ပြည်သူ့ကာကွယ်ရေးအမှတ် ၁ တပ်ရင်းမှ ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲကြောင့် ဝိုင်ဒင်းရွာသား ၁၅၀ ကျော် ထိုင်းဖက်သို့ ထွက်ပြေးစစ်ရှောက်နေရကြောင်း သိရသည်။