ပြစ်ဒဏ်ကျခံရပြီးသည့် မြန်မာများထံမှ ထိုင်းရဲငွေညှစ်

0
2505
ပုံစာ − လဝကထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို ဖေဖော်ဝါရီလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ပြင်ဆင်နေစဥ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လဝကထိန်းသိမ်းရေးစခန်းရှိ လွတ်ရက်စေ့ မြန်မာနိုင်ငံသားများသည် နေရပ်ပြန်ပို့မည့် နယ်စပ်စခန်းသို့ သွားခွင့်ရလိုလျှင် တစ်ဦးစီ ဘတ် ၇၀၀၀ ကျော် ပေးရမည်ဟု ထိုင်းရဲများက တောင်းခံနေကြောင်း မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) အဖွဲ့ထံမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၅၀ကျော်မှာ ချွန်ဖော်ခရိုင် လဝက ထိန်းသိမ်းရေး စခန်းတွင် ရှိနေသည်မှာ နှစ်လကျော်ကြာနေပြီဖြစ်ကြောင်း ဆိုသည်။

အဆိုပါကိစ္စများကို ဖေဖော်ဝါရီလ ၂၆ရက်တွင် ချွန်ဖော်စခန်းရှိ ထိန်းသိမ်းခံမြန်မာနိုင်ငံသားများနှင့် သွားရောက် တွေ့ဆုံစဉ်တွင် ထိန်းသိမ်းခံမြန်မာများက ပြောကြားခြင်းဖြစ်ကြောင်း SAFWA အဖွဲ့မှ ကိုသားကျော်က ဆိုသည်။

SAFWA သည် ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့အခြေစိုက်အဖွဲ့ဖြစ်ပြီး မြန်မာအလုပ်သမားများအရေး ဆောင်ရွက် နေကာ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်းပေးရာတွင်ပါဝင်ကူညီပေး နေသည့် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ပြန်ပို့ရန်အတွက် ချွန်ဖော် လဝကစခန်းမှ ရနောင်း လဝကထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ပေးရမည် ဖြစ်သော်လည်း ရနောင်းဘက်က လက်မခံသေးသဖြင့် ပို့၍မရသေးဟု ထိုင်းရဲများက ပြောဆိုထားသည်ဟု မြန်မာများ၏ ပြောဆိုချက်ကို ကိုသားကျော်က ပြန်လည် ပြောဆိုသည်။

ရနောင်း လဝကက လက်မခံသဖြင့် ထိုင်းတောင်ပိုင်းမှတစ်ဆင့် မဲဆောက်စခန်းသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ပို့ခ ကားခ အနေဖြင့် တစ်ဦးလျှင် ဘတ် ၇၃၀၀ ပေးရမည်ဟု ထိုင်းအာဏာပိုင်များက တောင်းခံနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရနောင်းကို ပို့မယ်ဆို ပို့လို့ရတယ်။ ရှင်းရှင်းပြောရရင် လုပ်စားတယ်ပေါ့။ အရင်ကလည်း ရနောင်းပဲ ပို့တယ်။ ရနောင်းမှာ အချုပ်သားပြည့်နေတုန်းက အမြန်လိုတဲ့လူက ပုလိပ်ကို ပိုက်ဆံပေးပြီး မဲဆောက်ဘက်သွားပို့ ခိုင်းတယ်။ နောက်ပိုင်း ပုလိပ် (ထိုင်းရဲ) တွေက လုပ်စားခွင် ရှိလာတယ်။ ရနောင်းပို့လို့ရတယ်ဆိုတာတောင် မပို့တော့ပူး။ ဟိုကို (မဲဆောက်ကို) ပို့ရမယ်လို့ လုပ်စားလာတာ” ဟု ၎င်းက ဆိုသည်။

ပြစ်ဒဏ်ကျခံပြီးသူများကို ပြန်ပို့ခြင်းမှာ ထိုင်းအစိုးရအစီအစဉ်ဖြင့်သာ ပို့ဆောင်ပေးရမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို အကျဉ်းကျခံပြီးသူများထံမှ တောင်းခွင့်မရှိဟုလည်း ထောက်ပြသည်။  

အလားတူ ယခင်ကလည်း စူရတ်ဌာနီခရိုင်၊ ဖူးခက်ခရိုင်ရှိ လဝကထိန်းသိမ်းရေးစခန်းမှ ရနောင်းလဝကစခန်းသို့ ပို့ရာ အတွက် ဘတ် ၅၀၀၀ မှ ၁၀၀၀၀ အထိ တောင်းခံမှုရှိခဲ့ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူတို့ထံမှ သိရသည်။

“အဲဒီအချုပ်တွေကနေ ငွေပေးမှ ရနောင်းကို ပို့လာတယ်ပြောတယ်။ မပေးရင် အဲဒီလဝကအချုပ်ထဲမှာပဲ ထားထား တယ် ပြောတယ်။ အဲဒီအချုပ်တွေမှာ ကောင်းကောင်းကို မထားဘူး။ ထမင်းကိုလည်း ဝအောင်မကျွေးဘူး။ မိသားစု ရှိတဲ့သူတွေဆိုရင် မိသားစုကနေ တဆင့်အကူညီနဲ့ ရနောင်းကိုမြန်မြန်ပို့ဖို့ ငွေသွားထိုးရတယ်” ဟု ကိုသားကျော်က ပြောဆိုသည်။

အဆိုပါလဝကထိန်းသိမ်းရေးစခန်းအတွင်း ငွေတောင်းခံမှုများသည် ထိုင်းရဲများနှင့် ပွဲစားများမှတစ်ဆင့် ထိန်းသိမ်းခံ မြန်မာနိုင်ငံသား မိသားစုဆွေမျိုးများနှင့် ချိတ်ဆက်ပြီး တောင်းခံနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရန်အတွက် ငွေပေးပြန်နေရခြင်းအပေါ် ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိထံသို့ မေးမြန်းရာတွင် “ဒါကြီးက အထဲထဲကို သွားစုံစမ်းလို့မရဘူး။ သူတို့ ထိုင်း Immigration တွေက လုပ်တာကိုး။ သူတို့ဘက်က လုပ်တာဖြစ်နေတော့ ကျွန်တော်တို့ သွားစုံစမ်းလို့မရဘူးလေ။ ဒါပေမဲ့ အဲဒီလိုမဖြစ်အောင်တော့ ကျွန်တော်တို့က ပြောထားတယ်လေ” ဟု ပြန်လည်ဖြေကြားသည်။

အကယ်၍ ငွေပေးငွေယူမှုရှိခဲ့ပါက မြန်မာအလုပ်သမားသံအရာရှိများထံသို့ အချက်အလက်များနှင့်တကွ ပြည့်စုံစွာ တိုင်ကြားစေလိုပြီး တိုင်ကြားမှုရှိပါက ထိုင်းနိုင်ငံ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဖော်ထုတ်အရေးယူသွားမည်ဟု ၎င်းက ဆိုသည်။

ရနောင်းလဝကစခန်းတွင်လည်း ထိုင်းရဲကို ငွေကြေးပေးနိုင်မှသာ မြန်မာနိုင်ငံသို့ ဦးစာပေး ပြန်ခွင့်ရပြီး ငွေကြေးမပေးနိုင်သူများကို လနှင်ချီကြာထိန်းသိမ်းခံရသည်။

ယင်းအပြင် အခန်းကျည်းထဲ ပြွတ်သိပ်ထိုးနေရခြင်း၊ အစားအသောက် အဆင်မပြေခြင်း၊ ကျန်းမာရေး မကောင်းလျှင် ဆေးကုသခွင့် မရခြင်းစသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကြုံနေရသဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ရက်နှင့် ၂၉ ရက်တို့တွင် အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာ ခြောက်ရာကျော် နေရပ်ပြန်ခွင့်ရခဲ့သည်။