လောင်းလုံးတွင် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး မထိုပေး၊ ထားဝယ်တွင် လာရောက်ထိုးနှံနိုင်ဟုဆို

0
2555

လောင်းလုံးမြို့နယ်ဆေးရုံတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း မရှိတော့ကြောင်း ကျန်းမာရေးဌာနနှင့် ကိုယ်တိုင်ကာကွယ်ဆေးသွားထိုးသူအချို့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းအခက်အခဲကြောင့် ပုံမှန်ကုသရေး လုပ်ငန်းအချို့ ကုသပေးခြင်းရပ်နားထားသော်လည်း ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကိုမူ လတိုင်း ထိုးနှံပေးလျှက်ရှိသည်။

ယခုနှစ် ယခုဖေဖော်ဝါရီလတွင်မူ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကိုပင် ရပ်နားလိုက်ခြင်းဖြစ်သည်။

“ကာကွယ်ဆေးထိုးအဖွဲ့က ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့လို့ နားလိုက်ရတယ်ဆိုပြီး ပြောလိုက်တယ်။ ကိုယ့်ဘာသာ အဆင်ပြေတဲ့နေရာ ရှာပြီးပဲထိုးလိုက်ပါဆိုပြီး (ဆေးရုံ ကျန်းမာရေးဝန်ထမ်းက) ပြောလိုက်တယ်။ အဲဒါကြောင့် ဆေးမထိုးဘဲပြန်လာရတာ” ဟု ဖေဖော်ဝါရီလထဲ ကာကွယ်ဆေးသွားထိုး‌သည့် မိခင်တစ်ဦးက ဆိုသည်။

ယခင်က ကာကွယ်ဆေးထိုး‌နှံပေးနေသည့် ကျန်းမာရေးဝန်ထမ်း ၇ ‌ဦးခန့် ရှိသော်လည်း ဖေဖော်ဝါရီလအတွင်း အဆိုပါကျန်းမာရေးဝန်ထမ်းများ မတွေ့ရတော့ကြောင်း အခြားမိခင်တစ်ဦးက ပြောဆိုသည်။

“ဆရာမတွေ (ဖေဖော်ဝါရီလထဲ) CDM ဝင်သွားတယ်လို့တော့ ပြောတယ်။ ၇ ယောက်ရှိတဲ့အထဲက ၆ ယောက် ဝင်သွားတယ်တဲ့။ ကာကွယ်ဆေးက ဆရာမတစ်ယောက်တည်းနဲ့ ထိုးပေးလို့လည်း အဆင်မပြေဘူးလို့ ပြောတယ်။ အဲဒါကြောင့် အခုဘယ်မှာ ထိုးရမလဲမသိလို့ လိုက်စုံစမ်းနေရတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကလည်း လောင်းလုံးမြို့နယ်အတွင်း ကာကွယ်ဆေး ထိုးပေးရန် အခက်အခဲရှိနေသည်ဟု ပြောဆိုသော်လည်း မည်သည့်အခက်အခဲဆိုသည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။

လောင်းလုံးမြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန် အခက်အခဲရှိပါက ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လာရောက်ထိုးနှံနိုင်ကြောင်း ၎င်းကပြောသည်။

ကာကွယ်ဆေးထိုးနှံမည့်သူများအနေဖြင့် ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကြိုတင်စာရင်းသွင်း ရမည်ဖြစ်ပြီး ရက်ချိန်းပေးလိုက်သည့်နေ့တွင် လာရောက်ပြီး ကာကွယ်ဆေးထိုးနှံရမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

“လကုန်ခါနီးဆိုရင် ကလေးက ဘယ်လိုကာကွယ်ဆေး အမျိုးအစားတွေ ထိုးပြီးပြီလဲ ဘယ်နေ့ကမွေးတာလဲ အဲဒီလိုစာရင်းပေးပြီးရင် ထိုးရမယ့်နေ့ကို ရက်ချိန်းပြန်ပေးတယ်။ အဲဒီနေ့မှာ လာထိုးလိုက်ရုံပဲ။ ထားဝယ် (မြို့ပေါ်က ကလေးတွေ) မှာလည်း အဲဒီပုံစံအတိုင်းလုပ်ပေးနေတယ်” ဟု တာဝန်ရှိသူကဆိုသည်။

လူအနည်းစုဖြင့် ကာကွယ်ဆေးထိုးပေးပါက ကျန်နေသည့်ဆေးဝါးများကို သိုလှောင်သိမ်းဆည်းရာတွင် အခက်အခဲ ရှိသဖြင့် လူစုပြီးထိုးနှံပေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လောင်းလုံးမြို့နယ်တွင် နေထိုင်သူများဖြစ်က ကာကွယ်ဆေးမထိုးပေးဆိုသည့် ကောလာဟလ သတင်းများလည်း ပျံ့နှံ့လျှက်ရှိသည်။

ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် လစဉ် လဆန်းပိုင်းတွင် ကာကွယ်ဆေးထိုးပေးနေပြီး တစ်ကြိမ်လျှင် ကလေးဦးရေ ၂၀၀ ခန့်ကိုသာ ထိုးနှံပေးကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုသည်။

လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် လူဦးရေကန့်သတ်ထားရကြောင်းလည်းဆိုသည်။

ထားဝယ်ခရိုင်အတွင်း လောင်းလုံးမြို့နယ်မှလွဲပြီး ကျန်မြို့နယ်ဆေးရုံတို့တွင်မူ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းကို ပုံမှန်အတိုင်း ထိုးနှံပေးလျှက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကလေးဦးရေ သုံးသိန်းခန့် ကာကွယ်ဆေးထိုးနှံခွင့် မရဘဲဖြစ်နေကြောင်း မြန်မာနိုင်ငံတွင် ကလေးဖွံ့ဖြိုးရေးဆိုင်ရာဆောင်ရွက်နေသည့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် ကလေးများမှာ ကြိုတင်ကာကွယ်နိုင်သည့် ရောဂါဖြစ်ပွားနိုင်ခြေ အလွန်များပြားနေကြောင်းလည်း ယင်းအဖွဲ့က ဆိုသည်။

ပုံမှန်ကာကွယ်ဆေးကို ယေဘုယျအားဖြင့် မွေးကင်းစမှ အသက် ၅ နှစ်အထိ ထိုးနှံလေ့ရှိပြီး အသည်းရောင်အသားဝါ B ပိုး၊ ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး စသည့်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသည်။