ထိုင်းတွင် ရက် ၂၀ကျော်ပျောက်ဆုံးနေသော ရှစ်လသား ကလေးငယ်ကို စွန့်ပစ်ခဲ့ကြောင်း မိခင်ဖြစ်သူဝန်ခံဟုဆို

0
2744

ထိုင်းနိုင်ငံတွင် ရက် ၂၀ကျော်ကြာ ပျောက်ဆုံးနေသည့် အသက်ရှစ်လအရွယ် ကလေးငယ်ကို စွန့်ပစ်ခဲ့ခြင်းဖြစ်သည် ဟု မိခင်ဖြစ်သူကဝန်ခံကြောင်း ရဲတပ်ဖွဲ့၏ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နခွန်ပထုန်ခရိုင် ဘန့်လေးဒေသတွင် အဆိုပါကလေးငယ် ပျောက်ဆုံးနေသဖြင့် ရက်ပေါင်း ၂၀ကျော်ကြာ ရှာဖွေနေကြခြင်းဖြစ်သည်။

မိခင်ဖြစ်သူက ဖေဖော်ဝါရီလ ၂၇ ရက် ညပိုင်းတွင် ဝန်ခံခြင်းဖြစ်ပြီး စွန့်ပစ်ခဲ့သည်ဆိုသည့် မြစ်ထဲတွင် အာဏာပိုင်များ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများက ဆက်လက်ရှာဖွေနေကြောင်း ဖော်ပြသည်။

မိခင်ဖြစ်သူမှာ အသက် ၁၇ နှစ်အရွယ်သာရှိသေးသည်ဟု ဆိုသည်။

ကလေးငယ်မှာ ဖေဖော်ဝါရီ ၅ရက် နံနက် ၃နာရီခန့်တွင် အဖျားကြီးပြီး အငိုမရပ်သဖြင့် မိခင်ဖြစ်သူက ချီလိုက်ရာ ရုတ်တရက် ချော်ကျကာ အောက်သို့ပြုတ်ကျသွားသည်ဟု ရဲတပ်ဖွဲ့ထံထွက်ဆိုကြောင်း သတင်းများတွင် ရေးသားထားသည်။

ကလေးငယ်မှာ အချိန်အနည်းငယ်အတွင်း တက်လာခဲ့ပြီး နောက်ပိုင်းတွင် သတိမရှိတော့ဘဲ သေဆုံးသွားသည့် အတွက် ထိတ်လန့်သွားကာ အိမ်နှင့် မီတာ ၁၀၀ ကွာဝေးသော ထာ့ချင်းမြစ်ထဲသို့ စွန့်ပစ်ခဲ့သည်ဟု မိခင်ဖြစ်သူ ပြောဆိုကြောင်း ဖော်ပြသည်။

ယင်းနေ့ နံနက် ၇နာရီခွဲတွင် ကလေးငယ် ပျောက်ဆုံးသွားသည်ဟု ရဲတပ်ဖွဲထံ တိုင်ကြားခဲ့သည်ဟု ဆိုသည်။

တိုင်ကြားချက်ပေးစဉ် ထွက်ဆိုချက်နှင့် ရဲတပ်ဖွဲ့က ထပ်မံစစ်ဆေးချိန် ထွက်ဆိုချက်များမှာ ကွဲလွဲနေသဖြင့် ရက်များစွာ စစ်ဆေးပြီးမှ မိခင်ဖြစ်သူအမျိုးသမီးငယ်က ဝန်ခံထွက်ဆိုလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

တိုင်ချက်ဖွင့်စဉ်က အဝါရောင်အင်္ကျီဝတ်ဆင်ထားသော အမျိုးသားတစ်ဦး အိမ်ထဲဝင်ကာ ကလေးငယ်ကို ယူဆောင် ထွက်ပြေးသွားသည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကလေးငယ် သေဆုံးရသည့်အကြောင်းအရင်းနှင့် စွန့်ပစ်ချိန်တွင် သေဆုံးသွားခြင်း ရှိမရှိစသည်တို့ကို သရှိနိုင်ရန် အဆိုပါအမျိုးသမီးငယ်ကို ရဲတပ်ဖွဲ့က ခရိုင်ရဲစခန်းတွင် ဆက်လက်စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ကလေးငယ်ကိုလည်း ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းများတွင် ဖော်ပြသည်။

ကလေးဖျားနာနေသဖြင့် ဆေးခန်းပြခဲ့ရာ ယင်းဆေးခန်းက ဆေးရုံတွင်ပြသရန် မိခင်ဖြစ်သူ အမျိုးသမီးငယ်ကို အကြံပေးကြသော်လည်း ဆေးရုံသို့ မသွားဘဲ အိမ်သို့သာ ခေါ်သွားသည်ဟုလည်း စုံစမ်းတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

Ref: The Thaiger, Khoasod Online, Bangkok Post