တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2762

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှ ၂၅ ရက်နေ့အထိ

စစ်ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၊ လက်နက်ပွဲစားများကို EU ထပ်မံအရေးယူ

ပုံစာ –  အရေးယူခံရသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး။

စစ်ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၊ လက်နက်ပွဲစားများအပါအဝင် လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်းခုနစ်ခုတို့ကို ဥရောပသမဂ္ဂက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထပ်မံဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။

မြန်မာစစ်ကောင်စီတွင် ပါဝင်ဆက်နွှယ်သူများကို ခြောက်ကြိမ်မြောက်အဖြစ် ဥရောပသမဂ္ဂက အရေးယူခြင်း ဖြစ်သည်။

အရေးယူခံရရာတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ စွမ်းအင်ဝန်ကြီးမျိုးမြင့်ဦးတို့ ပါဝင်သည်။

စစ်အာဏာသိမ်းပြီး ၂နှစ်အကြာတွင် အကြမ်းဖက်မှုများမြင့်တက်လာခြင်း၊ ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှု များနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးတို့အတွက် ခြိမ်းခြောက်မှုများဆက်လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လူပုဂ္ဂိုလ်စာရင်းတွင် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို လက်နက်ကိရိယာများနှင့် စစ်ဖက်-အရပ်ဖက် နှစ်သွယ်သုံးပစ္စည်းနှင့် နည်းပညာများ (dual-use goods) ပံ့ပိုးပေးသည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာစစ်တပ်က အဆင့်မြင့်အရာရှိများ ပါဝင်ကြောင်း ဖော်ပြသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးအား သေဒဏ်ပေးကွပ်မျက်ရာတွင် ပါဝင်သူများ၊ ကချင်တွင် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ စီးနင်းတိုက်ခိုက်ခြင်း၊ မီးရှို့မှုနှင့် လူသားဒိုင်းများ အသုံးပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသူများလည်း ပါဝင်သည်ဟု ဆိုသည်။

အဖွဲ့အစည်းများစာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဌာနများနှင့် ယင်း၏တရားစီရင်ပိုင်ခွင့် အောက်တွင်ရှိသည့် နိုင်ငံပိုင်လုပ်ငန်းတစ်ခုအပြင် စစ်တပ်သို့ လောင်စာဆီ၊ လက်နက်နှင့် ရန်ပုံငွေများ ပံ့ပိုးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီ များလည်း ပါဝင်သည်ဟု ဆိုသည်။

ဥရောပသမဂ္ဂ၏ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများသည် လူပုဂ္ဂိုလ် စုစုပေါင်း ၉၃ ဦးနှင့် အဖွဲ့အစည်း ၁၈ ခုအ‌ပေါ် အကျုံးဝင် သက်ရောက်ကြောင်း ဖော်ပြသည်။

အရေးယူခံရသူများ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ ခရီးသွားခွင့် ပိတ်ပင်ခြင်း၊ ဥရောပသမဂ္ဂနယ်မြေသို့ ဝင်ရောက်၊ ဖြတ်သန်းခြင်းမှ တားဆီးထားသလို ၎င်းတို့ ရန်ပုံငွေရရှိအောင် ဥရောပသမဂ္ဂက လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ လုပ်ဆောင်ပေးမှုကိုလည်း တားမြစ်လိုက်သည်။

………………………………..

ပတ်စ်ပို့လျှောက်ထားနိုင်ပြီ

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ထုတ်ပေးမှုကို နည်းပညာအဆင့်မြှင့်တင်ရန်အတွက်ဟုဆိုကာ နှစ်လနီးပါးကြာ ရပ်ဆိုင်းထားရာမှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပတ်စ်ပို့ လျှောက်ထားခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ရန်ကုန်တွင် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် ယခင် လူကိုယ်တိုင် သွားရောက်လျှောက်ထားမှု လုပ်ငန်စဉ်းအတိုင်းသာ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

အွန်လိုင်းဘွတ်ကင်စနစ်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဝဘ်ဆိုက် www.passport.gov.mm တွင် ကိုယ်တိုင်လျှာက်ထားနိုင်ကြောင်း ကြေညာထားသည်။

ယခင်က အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းယူထားသူများမှာ ယခုစနစ်တွင် ပြန်လည်လျှောက်ထားရမည်ဟု ဆိုသည်။ ပတ်စ်ပို့ လျှောက်ထားခအတွက် ငွေကျပ် သုံးသောင်းခွဲ အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးသွင်းရမည်ပြီး ရုံးတွင် နောက်ထပ် ငွေကြေးပေးရန်မလိုတော့ကြောင်း ဖော်ပြသည်။

ရန်ကုန်၌ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် လူ ၈၅၂၉ ဦး လျှောက်ထားခဲ့သည်ဟု ယင်းရုံးမှ သိရသည်။

နည်းပညာအဆင့်မြှင့်တင်ရန်အတွက်ဟုဆိုကာ ဇန်နဝါရီလ ၂ရက်တွင် ပတ်စ်ပို့ ထုတ်ပေးမှု ရပ်ဆိုင်းခဲ့သဖြင့် ပြည်ပသို့ သွားရောက် ကျောင်းတက်မည့်သူများ၊ အလုပ်သွားလုပ်မည့်သူများ၊ ဆေးသွားကုမည့်သူများ အပါအဝင် ပြည်ပထွက်ခွာလိုသည့် ပြည်သူများစွာ အခက်အခဲ ကြုံခဲ့ရသည်။

………………………………..

KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ နုတ်ထွက်ပေးရန် တောင်းဆိုခံရ

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး နုတ်ထွက်ပေးကြရန် ကမ္ဘာတစ်ဝန်းရှိ ကရင်အဖွဲ့အစည်း ၆၈ဖွဲ့က KNU အထွေထွေအတွင်းရေးမှူးချုပ်ထံ ဖေဖော်ဝါရီလ ၂၃ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ကာ တောင်းဆိုလိုက်သည်။

KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောရောဂျာခင် တရုတ်မြို့သစ် (လောင်းကစားနယ်မြေ) စီမံကိန်းဖွင့်ပွဲ တက်ရောက်ခြင်း၊ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့်နီးသည့် ဟွမ်ယာမြို့သစ်စီမံကိန်းကို ခွင့်ပြုချက်ပေးခဲ့ခြင်းတို့ကို KNU က အရေးယူခြင်း မတွေ့ရဟု ထောက်ပြသည်။

ယင်းစီမံကိန်းတွင် နိုင်ငံတကာပြစ်မှုမြောက်သည့် အွန်လိုင်းလောင်းကစား၊ လူကုန်ကူးမှု၊ လိင်ဖျော်ဖြေရေးလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများပါဝင်နေသည့်အပြင် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ ငွေမည်းကို ငွေဖြူပြောင်းနိုင်ရန် ရင်းနှီးမြှုပ်နှံနိုင်ကြခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ယင်းစီမံကန်းကို မြန်မာစစ်ဗိုလ်ချုပ်များနှင့် KNU ခေါင်းဆောင်ပိုင်းများ၏ ခွင့်ပြုချက်များ မရရှိဘဲ ယခုအတိုင်းအတာ အထိ လျင်မြန်စွာ ကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်းလည်း ထောက်ပြထားသည်။

ယင်းလုပ်ရပ်သည် KNU ၏ မူဝါဒ၊ နိုင်ငံရေးခံယူချက်၊ စည်းမျဉ်းဥပဒေများကို ချိုးဖောက်ရာရောက်ပြီး KNU အဖွဲ့အစည်းတစ်ခုလုံး၏ အမည်နှင့် ဂုဏ်သိက္ခာတို့ကို ထိခိုက်ကျဆင်းစေကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။

KUN မူဝါဒနှင့် ဆန့်ကျင်လုပ်ဆောင်နေသည့် အခြား KNU ခေါင်းဆောင်များစွာရှိနေခြင်း၊ စစ်ကောင်စီက ပေးသည့် ဂုဏ်ထူးဆောင်ဆုကို လက်ခံခြင်း၊ စစ်ကောင်စီနှင့်လက်တွဲအလုပ်လုပ်နေသည့် ခေါင်းဆောင်အချို့တို့ကို အရေးမယူ ခြင်းမှာ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုအမြဲတမ်းကော်မတီတို့၏ ခေါင်းဆောင်မှု ကျဆင်းနေသည်ကို ပြသနေခြင်းဖြစ်သည်ဟု ဆိုသည်။

အထက်ပါ ခေါင်းဆောင်များသည် KNU ၁၇ ကြိမ်မြောက်ရွေးကောက်ပွဲတွင်လည်း ဝင်အရွေးခံခွင့်ရထားသည်ဟု ထောက်ပြထားသည်။ ထို့ကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး နုတ်ထွက်ပေးရန် အပါအဝင် အချက် လေးချက်ကို ကရင်အဖွဲ့အစည်းများက တောင်းဆိုထားခြင်းဖြစ်သည်။

………………………………..

တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်ပြန်ဖွင့်

ပုံစာ – တာချီလိတ်မှ မယ်ဆိုင်သို့ဝင်ရောက်ရန် တန်းစီနေသူများ။

ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးကြာပိတ်ထားသည့် ထိုင်းနှင့် မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ် (၁) တံတားကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်ရှိသည့် ယင်းချစ်ကြည်ရေးတံတားအမှတ် (၁) ကို ပြန်ဖွင့်လှစ်ရန် နှစ်နိုင်ငံကြား အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေး အပြည့်အဝဆေးထိုးနှံထားသောလက်မှတ်မိတ္တူ၊ နိုင်ငံသားမှတ်ပုံတင်တို့ဖြင့် နယ်စပ်ဂိတ်တွင် ယာယီဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ကာ ဝင်ထွက်သွားလာနိုင်တော့မည်ဖြစ်သည်။ သို့သော် ရက်ကျော်နေထိုင်းခြင်း မလုပ်ဘဲ သတ်မှတ်ရက်အတွင်း ပြန်ကြရန်လည်း ထိုင်းဘက်က သတိပေးချက် ထုတ်ထားသည်။

ကိုဗစ်မတိုင်ခင်က နံနက် ၆နာရီမှ ည ၉ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး ယခုတွင် ည ၆နာရီအထိသာ ခွင့်ပြုထားကာ ယခင်အတိုင်းသွားလာနိုင်ရေး ညှိနှိုင်းနေဆဲဖြစ်သည်။

မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သေးသည်။

လူသွားလာရန် အဓိက အသုံးပြုသည့် တာချီလိတ်-မယ်ဆိုင် အမှတ် (၁) တံတားကို ကိုဗစ်ကြောင့် ပိတ်ခဲ့ပြီး အမှတ် (၂) ချစ်ကြည်ရေးတံတားကိုမူ ကုန်ပစ္စည်းများကုန်သွယ်ရန်အတွက် ဖွင့်လှစ်ပေးထားခဲ့သည်။

………………………………..

FOEIM ကျောင်းသားများ၏ အချက်အလက်များ ပေါက်ကြားခြင်း

အွန်လိုင်းစနစ်ဖြင့်သင်ကြားပေးနေသည့် ကြားကာလပညာသင်ကျောင်းတစ်ခုဖြစ်သော FOEIM (Free Online Educational Institution Myanmar) ကျောင်းတွင် တက်ရောက်သင်ယူနေသည့် ကျောင်းသား သုံးရာကျော်၏ အချက်အလက်များ ပေါက်ကြားခဲ့သည်။

ကျောင်းသားအမည်၊ ဖခင်အမည်၊ ဖုန်းနံပါတ်နှင့် အီးမေလ်းလိပ်စာများ ဖေဖော်ဝါရီလ ၂၁ ရက်တွင် အွန်လိုင်းပေါ်သို့ ပေါက်ကြားလာသဖြင့် ကျောင်းသားမိဘများ စိုးရိမ်မှုမြင့်တက်ခဲ့သည်။ ပေါက်ကြားသွားသည့် ဖုန်းနံပတ်ကို အသုံးမပြုကြရန်၊ ယင်းဖုန်းဖြင့် ဖွင့်လှစ်ထားသည့် အကောင့်များကိုပါ ဖြုတ်ထားကြရန် သတိပေးမှုများရှိသည်။

FOEIM ကျောင်းသည် ငွေကြေးအလွဲသုံးစားမှု သတင်းများကြောင့် နာမည်ဆိုးထွက်နေပြီး ကျောင်းတည်ထောင်သူ ကိုခန့်သူနှင့် ရုံးအဖွဲ့ကြားတွင် အချေအတင်ဖြစ်နေသည့် ယင်းကိစ္စကို NUG ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ငွေကြေးကိစ္စတာဝန်ယူမှု မရှိသော ကိုခန့်သူနှင့် ကျောင်းပညာသင်ကြားရေး ပျက်စီးအောင်လုပ်သူများကို အရေးယူဆောင်ရွက်မည်ဟု အဆိုပါဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့ပြီး ၁၀ ရက်ကျော်အကြာတွင် ယခုအချက်အလက်ပေါက်ကြားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

………………………………..

ဦးဖြိုးမင်းသိန်းအမှု ငွေဒဏ်ကျပ်တစ်သိန်းသာချခံရ

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သူ ဦးဖြိုးမင်းသိန်းအား စစ်ကောင်စီက စွဲဆိုထားသည့် တစ်ခုတည်းသောအမှုအတွက် ငွေဒဏ် ကျပ်တစ်သိန်းသာ ချမှတ်လိုက်သည်။

ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာသုံးမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲထားခြင်း ဖြစ်သည်။ ယင်းအမှုကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒဂုံမြို့နယ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယင်းပုဒ်မမှာ ထောင်ဒဏ်သုံးနှစ်အထိအပြင် ငွေဒဏ်လည်း ချမှတ်နိုင်သော်လည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ဦးဖြိုးမင်းသိန်းကိုမူ ငွေဒဏ် ကျပ်တစ်သိန်းသာ ချမှတ်ခြင်းဖြစ်သည်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကိုမူ ယင်းပုဒ်မဖြင့်ပင် ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ဦးဖြိုးမင်းသိန်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာနှင့် အမေရိကန်ဒေါ်လာ ခြောက်သိန်း ပေးအပ်ခဲ့သည်ဟု သက်သေထွက်ဆိုထားသူဖြစ်သည်။

………………………………..

တော်လှန်ရေးမင်းသားကြီး သီဟတင်စိုးကွယ်လွန်

ဖက်ဆစ်တော်လှန်ရေး ဇာတ်ကားများကြောင့် တော်လှန်ရေးမင်းသားကြီးဟု ခေါ်ဝေါ်ကြသည့် သရုပ်ဆောင်၊ ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

နှလုံးရောဂါဖောက်လာသဖြင့် သင်္ဃန်းကျွန်းမြို့နယ် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ်လမ်းခရီးတွင် ကွယ်လွန် သွားခြင်းဖြစ်သည်။ သီဟတင်စိုး ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်ရှိပြီဖြစ်သည်။

သရုပ်ဆောင် သီဟတင်စိုးသည် ငရဲသား ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီဆုတို့ကို ၂၀၀၀ ပြည့်နှစ်တွင် ရရှိခဲ့သည်။

သီဟတင်စိုး၏ဇနီး အကယ်ဒမီဇင်မာဦးမှာလည်း အသက် ၅၁ နှစ်အရွယ် ၂၀၂၁ ခုနှစ် မတ်လတွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၎င်းတို့တွင် သားတစ်ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။

………………………………..

နိမိတ်မကောင်းသဖြင့် အမည်ပြောင်းခံရသည့်မြို့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိသည့် ‘ကန်ပိုက်တီမြို့’ အမည်မှာ တရုတ်ဘာသာစကားအရ နိမိတ်မကောင်းဟုဆိုကာ ‘ကံပိုင်တည်မြို့’ ဟု စစ်ကောင်စီက အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။

ကန်ပိုက်တီမြို့ကို တရုတ်ဘာသာစကားဖြင့် ကန်းပိုင်တီ၊ ကန်းမှာ ခြောက်သွေ့ခြင်း၊ ပိုင်မှာ ပျက်စီးခြင်း၊ တီမှာ နေရာဟု အဓိပ္ပါယ်ဖွင့်သည်ဟု ဆိုသည်။

မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းအရ ကံမှာ ကံကောင်းခြင်း၊ ပိုင်မှာ ပြည်ထောင်စုက ပိုင်ဆိုင်ခြင်း၊ တည်မှာ တည်ငြိမ်၊ တည်တံ့၊ တည်ရှိခြင်းဟု အဓိပ္ပါယ်ရသဖြင့် အမည်ပြောင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက် ရက်စွဲဖြင့် အမည်ပြောင်းကြောင်း အမိန့်ကြော်ငြာစာ ထုတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်တွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ကန်ပိုက်တီကို ၂၀၁၁ ခုနှစ်တွင် မြို့နယ်ခွဲအဖြစ်သတ်မှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြို့အဆင့် သတ်မှတ်ခဲ့သည်။

………………………………..