လောင်းလုံးတွင် အစ်ကိုဖြစ်သူ ပုဆိန်ဖြင့်ခုတ်၍ ညီဖြစ်သူသေဆုံး

0
2519

လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာအုပ်စု၊ ကျောက်ပုံရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက်က ညီအစ်ကိုနှစ်ဦး ရန်ဖြစ်ပြီး အစ်ကိုဖြစ်သူက ပုဆိန်ဖြင့်ခုတ်ရာ ညီဖြစ်သူသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ သာယာကုန်ရွာသား အသက် ၄၀ ဝန်းကျင်အရွယ် ဦးသက်နိုင်ဆိုသူဖြစ်ပြီး ကျောက်ပုံရွာတွင် နေထိုင် သည့် အစ်ကိုဖြစ်သူ ဦးဝင်းစိုးထံသို့ ဖေဖော်ဝါရီလ ၂၂ ရက် ညနေက ရောက်ရှိနေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထို့နောက် တစ်ညလုံး သောက်စားပြီး ဖေဖော်ဝါရီလ ၂၃ ရက် နံနက်စောစောတွင် ညီအစ်ကိုနှစ်ဦး စကားများရန် ဖြစ်ကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရန်ဖြစ်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဦးသက်နိုင်သည် အစ်ကိုဖြစ်သူ ထောင်ကလွတ်လာသည့်အတွက် အလည်လာခြင်းဖြစ်သည်ဟု ၎င်းရောက်လာသည့် ညနေပိုင်းက ပြောဆိုခဲ့ကြောင်း ဒေသခံများပြန်လည်ပြောပြချက်အရ သိရသည်။

ဦးဝင်းစိုးမှာ အခင်းဖြစ်ပြီးနောက် နံနက်စောစောတွင် ခရီးသည်တင်ကားဖြင့် ထွက်သွားပြီး အငှားသုံးဘီးဖြင့် နံနက် ၇နာရီခန့်တွင် ပြန်ရောက်လာကာ လူနာလာသယ်သေးကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“သူထွက်သွားတုန်းက သူ့ညီက မသေသေးဘူး။ သူပြန်လာချိန် သူ့ညီက သေနေပြီ” ဟု ၎င်းက ဆိုသည်။

ညီဖြစ်သူတွင် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အလောင်းကိုမူ ရွာသားများ၏ ကန့်ကွက်မှုကြောင့် သယ်ဆောင် သွားနိုင်ခဲ့ခြင်းမရှိဘဲ ဦးဝင်းစိုး ထွက်ပြေးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဦးဝင်းစိုးသည် လွန်ခဲ့သည့် ခြောက်နှစ်ခန့်က တစ်ရွာတည်းသားဖြစ်သူ ဦးစစ်နီဆိုသူကို သတ်မှုကြောင့် ထောင်ကျဖူးကာ လွန်ခဲ့သည့်နှစ်လခန့်က ထောင်ကလွတ်လာသူဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေဆုံးသူ ဦးသက်နိုင်၏ ရုပ်အလောင်းကိုမူ ယင်းနေ့ ညနေ သုံးနာရီခန့်က ယင်းကျေးရွာတွင်ပင် မိသားစုဝင်များ၏ ဆန္ဒအရ သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။