အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
3469

Princes in The Darkness 1990s

အခန်း(၁၉)

သူတို့ခေါ်ဆောင်သွားရာ ထောက်လှမ်းရေးရုံးချုပ်သို့ ဗေဒါ လိုက်ပါသွားရ၏။

ရုံးချုပ်ရှိ ဧည့်ခန်းတစ်ခုထဲသို့ အရောက်တွင် ဗေဒါနှင့် ခင်မင်သော ဗိုလ်ကြီးရန်နိုင်မြင့် ကိုပါ တွေ့ရသည်။ ဗိုလ်ကြီးရန်နိုင်မြင့်ဘေးတွင်ထိုင်နေသူက ဗေဒါအား တန်ပြန်ထောက်မှဖမ်းဆီးစဉ်က လာရောက်ထုတ်ယူပေးသွားသော ဗိုလ်မှူး။

ဒီအတိုင်းဆို စစ်ထောက်လှမ်းရေး၏ ဌာနပေါင်းစုံပါဝင်နေသဖြင့် ဝန်ကြီးကိစ္စကို အော်ပရေးရှင်းကြီးတစ်ခု အနေဖြင့် သတ်မှတ်ထားကြောင်းလည်း ဗေဒါ ခန့်မှန်းမိလိုက်သည်။

“ကိုဗေဒါ…မတွေ့တာကြာပြီ..လာထိုင်ဗျာ”

ဗေဒါက သူတို့ညွှန်ပြသည့် ဆက်တီဆိုဖာခုံတွင် ဝင်ထိုင်လိုက်သည်။

သူ့အား စစ်ထောက်လှမ်းရေးအရာရှိများက ဝန်းရံထိုင်လိုက်ကြ၏။

“ကိုဗေဒါနဲ့ အခုတလော အရမ်းရင်းနှီးနေတဲ့ ဝန်ကြီးရဲ့ ကိစ္စ အနံ့တွေ တအားထွက်နေတယ်ဗျ”

ဗိုလ်ကြီးရန်နိုင်မြင့် က ပြောလိုက်သည်။

“အဲ့ဒီကိစ္စကို…ကျွန်တော်တို့ အက်စ်ဝမ်းကြီး က အထောက်အထားအပြည့်အစုံနဲ့ လိုချင်နေတယ်..သူ က တိုက်ရိုက်ခိုင်းတဲ့ ကိစ္စဆိုတော့…ကျွန်တော်တို့ မဖြစ်ဖြစ်အောင် လုပ်ရမယ်..ကိုဗေဒါ”

ဗေဒါက ပုခုံးတွန့်ပြလိုက်၏။

“အဲ့ဒါ..ကိုဗေဒါ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရလိမ့်မယ်”

“ဗျာ..ကျွန်တော်က…”

“ဒီကိစ္စ..မင်း က စခဲ့တဲ့ ဇာတ်လမ်းပဲလေ..ဗေဒါ… မင်းငါတို့ကို ကူညီရလိမ့်မယ်..မဟုတ်ရင်တော့….အရင်တခေါက်လိုမျိုး…မင်းကို ဘယ်သူမှ ကယ်နိုင်မယ်မထင်ဘူး”

သံချောင်းက ပထမတကြိမ် ဗေဒါအား လာထုတ်သွားပေးဖူးသော ဗိုလ်မှူးကို ကြည့်ရင်း အဓိပ္ပါယ်ပါပါ ပြောလိုက်ခြင်းဖြစ်သည်။

“ကျွန်တော့်ကို ခြိမ်းခြောက်နေကြတာလား”

အားလုံးက ဗေဒါကို ပြုံးပြီးသာ ကြည့်နေကြ၏။

ဒီတခါတော့ တချိန်လုံးငြိမ်နေသည့် ဗိုလ်မှူးက ဗေဒါ့ကို သေချာကြည့်ကာ ဝင်ပြောလိုက်သည်။

“ကိုဗေဒါ…ခင်ဗျား..စဉ်းစားပါ…အခုကိစ္စက စစ်တုရင်ခုံပေါ်မှာ အပြန်အလှန်ချက်စ် ကြမယ့် ပွဲမျိုး…. ကျုပ်တို့က နေတတ်ရင် ဘိရှော့တွေလို၊ ကာဆယ်တွေလိုဖြစ်မယ်..မနေတတ်ရင်..ထိုးကျွေးခံရမယ်…အထူးသဖြင့် ဒီပွဲမှာ..ခင်ဗျားက ဘာမဆိုဖြစ်သွားနိုင်တယ်…ကိုဗေဒါ..ဘာမဆိုနော်”

ဗေဒါ အကြပ်ရိုက်ရပြီ။

သူ့အား တိုက်ရိုက်ပင် ခြိမ်း‌ခြောက်ခံနေရသည်မဟုတ်လား။ ပြီးတော့…စစ်ထောက်လှမ်း‌ရေးဆိုသည့်ကောင်တွေက မလိုတမျိုး လိုတမျိုး လုပ်တတ်မှန်းလည်း သူသိပြီးသား။

သူတို့၏ ဩဇာအာဏာကလည်း အမြင့်ဆုံးအချိန်။ ရဲမြို့နယ်မှူး သုံးပွင့်အဆင့်လောက်က ထောက်လှမ်းရေးမှ တပ်ကြပ်လောက်ကို လက်နောက်ပစ်ကာ ခခယယ စကားပြောနေရသည့်အနေအထားမျိုး။

“ကျွန်တော်တို့ ခင်ဗျားကို ကူညီခဲ့တာတွေလည်းရှိတာပဲ..ခင်ဗျား ဒီတစ်ခုပဲ ပြန်ကူညီပေးလိုက်ရင်..နောက်ပိုင်း ကျွန်တော်တို့နဲ့ ဆက်ဆံရေးမှာလည်း ချောချောမွေ့မွေ့ပေါ့”

ဗိုလ်ကြီးရန်နိုင်မြင့်ကလည်း ဝင်ပြောသည်။

“ဒီဝန်ကြီးရဲ့ မသမာမှုတွေ၊ လာဘ်စားမှုတွေ၊ စာရိတ္တပျက်မှုတွေကို ဖော်ထုတ်တာဟာ တိုင်းပြည်ကောင်းဖို့ လုပ်တာလို့ ခင်ဗျား မှတ်လို့လည်းရပါတယ်”

သံချောင်း၏ စကားကြောင့် ဗေဒါ ရယ်ချင်သွား၏။ ဘယ့်နှယ့်…တမူးပိုရှူချင်တဲ့ ဘိန်းစားများ။

လောလောဆယ် သူတို့ကိစ္စကို လက်မခံလျှင်..ဗေဒါ ဒီနေရာမှ ပြန်ချင်မှ ပြန်ရတော့မည်။

ထို့ကြောင့် ဗေဒါ ဆုံးဖြတ်လိုက်၏။

“ဟုတ်ပြီလေ..ကျွန်တော် ဘာကူညီရမှာလဲ..ပြော”

“လွယ်ပါတယ်..ကျုပ်တို့ ကိုဗေဒါဆီက အဲ့ဒီ အိမ်ရဲ့ သော့တွေ ခဏလိုချင်တယ်”

“ခင်ဗျားတို့ ဘာလုပ်ဖို့လဲ”

“မင်းအဘိုးကြီးအတွက် အရမ်းလည်း မစိုးရိမ်ပါနဲ့….ငါတို့က.လျှို့ဝှက်ကင်မရာလေး‌တွေ လိုက်တပ်ရုံပါ”

ဗေဒါ သဘောပေါက်လိုက်ပြီ။

မကြာသေးမီကလည်း ကကလှမ်းက ထိုနည်းဖြင့် ဗိုလ်မှူးကတော် တစ်ဉီးကို အကြပ်ကိုင်ခဲ့သေးသည်ကို ဗေဒါ ကြားဖူးထားသည်။

ထိုကိစ္စဖြင့် ဒုကာချုပ်၏ အနီးကပ်လူယုံဖြစ်သည့် ကာယကံရှင်ဗိုလ်မှူးမှာ မိမိကိုယ်ကို သတ်သေသွားသည်အထိ။

“ဒီကိစ္စမှာ ကျွန်တော့်အတွက် အန္တရာယ်ရှိနိုင်မလား”

“ငါတို့ ရှိနေတာပဲ..ဒီကိစ္စအောင်မြင်ရင်..မင်းအတွက် အကျိုးတောင်ပိုရှိသွားဉီးမယ်..ဗေဒါရ”

သံချောင်းက သွားဖြဲကာ ပြောလိုက်ခြင်း။

ဗေဒါကတော့ သက်ပြင်းသာချလိုက်နိုင်သည်။

……………………………….

ထိုညက ဗေဒါ တညလုံးအိပ်မပျော်။

ထောက်လှမ်း‌ရေးကို ဗေဒါ မကူညီလျှင် ထောက်လှမ်းရေးက တလျှောက်လုံး ဗေဒါကို ဒုက္ခလိုက်ပေးတော့မည်။

ဗေဒါအလုပ်တွေကလည်း သူတို့နှင့်ကင်းလို့ရသည်မဟုတ်။ နောက်ပြီး ထောက်လှမ်းရေးက လောမိသားစုကိုလည်း မကြည်လင်။ အချို့ကိစ္စများတွင် ဗေဒါခံနေ၍သာ။

ယခုကိစ္စကို ဗေဒါငြင်းလိုက်လျှင်တော့…သူတို့က ဗေဒါကိုပါ အရင်ဉီးအောင် ဖြုတ်မည်က အသေအချာ။

ကံမကောင်းလျှင် အသက်ပါ ပေးလိုက်ရနိုင်၏။

ကူညီလိုက်လျှင်ရော။

ဒီကိစ္စ ဗီဒီယိုဖိုင်နှင့်တကွ ပေါက်ကြားသွားလျှင်…ဗေဒါ ပါကို ပါမည်ဆိုသည်ကို ဝန်ကြီး နှင့် သူ့အဖွဲ့က သေချာပေါက်သိမည်သာ။

ဝန်ကြီး၏ လက်တံကလည်း နည်းနည်းနောနောမဟုတ်။

နအဖဥက္ကဌ၏ အိမ်သို့ တံခါးမရှိ ဓါးမရှိ ဝင်ထွက်နိုင်သည့် လူယုံတော်။

ဘယ်လိုနေနေ..ဗေဒါအတွက်ကတော့ မကောင်းလှ။

ဘာဖြစ်ဖြစ် မစ္စတာလုကို အသိပေးထားလျှင်တော့ ကောင်းမည်ဟု ဗေဒါ ဆုံးဖြတ်လိုက်သည်။ ဘယ်ဘက်က နေရမည်လဲဆိုသည့် ကိစ္စမျိုးက စီးပွားရေးကိစ္စ၊ လောင်းကစားကိစ္စတွင် တဖက်ကမ်းခပ်သည့် သူတို့က ပိုမြင်တတ်မည်မဟုတ်လား။

ဗေဒါ မစ္စတာလုထံ ဖုန်းခေါ်လိုက်သည်။ မကိုင်။

သုံးလေးကြိမ် ခေါ်သည်အထိ မကိုင်။

ဖြစ်ချင်ရာဖြစ်။

ဝန်ကြီးထံသို့ ဖုန်းခေါ်လိုက်တော့သည်။

သူ့အား စစ်ထောက်လှမ်းရေးမှ ခေါ်ဆောင်သွားသည်မှ ဖြစ်စဉ်အစအဆုံးကို ဗေဒါက ရှင်းပြလိုက်၏။

ဝန်ကြီးက ဗေဒါအား ဟန်မပျက်နေရန်နှင့် သူတို့ အစီအစဉ်အတိုင်းလိုက်လုပ်ပေးလိုက်ရန် ပြန်ပြောသည်။

ထို့နောက် ဗေဒါအားလည်း စိတ်မပူရန်နှင့် ကျေးဇူးတင်စကားဆို၏။

နောက်တနေ့ နံနက်အရောက်တွင်တော့ ဗေဒါ မေယုကြေးမုံထံ သို့ပင် မသွားဖြစ်။

သွားလျှင်လည်း ထောက်လှမ်းရေးက သူ့နောက်တကောက်ကောက်လိုက်နေမည်ကို မခံစားနိုင်။

တံခါးလာခေါက်သဖြင့် ထဖွင့်ပေးလိုက်သည်။

သံချောင်း။

“ဘယ်လိုလဲ…သော့ပေးတော့မလား”

“ဘယ်တတ်နိုင်မလဲဗျာ..ပေးရတော့မှာပေါ့”

ဗေဒါက သော့တွဲကို သံချောင်းထံ ကမ်းပေးလိုက်၏။

“ဒီလိုမှပေါ့..မောင်ဗေဒါရာ..မင်းက နေတတ်ထိုင်တတ်ကောင်ပါ..ကြီးပွားမယ့်ကောင်”

သံချောင်းက ထိုသို့ပြောရင်း…လက်ထဲမှ ဖိုင်တွဲကို ထောင်ပြသည်။

“ဒီမှာတွေ့လား”

“ဘာလဲဗျ”

“မင်းဝန်ကြီးနဲ့ အိပ်ခဲ့တဲ့ ကောင်မလေးတွေကို ငါတို့ စစ်ကြောရေးလုပ်ထားတဲ့ဖိုင်တွေ…အခု မင်းဆီက သော့လည်းရပြီဆိုတော့…ပွဲသိမ်းပြီပေါ့ကွာ”

သံချောင်းက အူမြူးကာ အောက်သို့ ဆင်းသွားတော့သည်။

ဗေဒါကလည်း ခပ်ပြုံးပြုံးပင် ကြည့်နေလိုက်၏။

သူ့အား ကြားညှပ်စေမည့် ကျွဲနှစ်ကောင်ခတ်ပွဲကို သူကိုယ်တိုင် တည်ပေးလိုက်ပြီဖြစ်သည်။

လျှင်သူ စားစတမ်း။

……………………………….

ဗိုလ်ချုပ်ရွာရှိ ခြံစောင့်က ဗေဒါကိုဖုန်းဆက် အစီရင်ခံသည်။ ထောက်လှမ်းရေးများ လျှို့ဝှက်ကင်မရာများ လာတပ်သွားသည့်သတင်း။

နောက်သုံးရက်အကြာတွင် ဝန်ကြီးက ဗေဒါကို ထုံးစံအတိုင်း စီစဉ်ပေးဖို့ ဖုန်းဆက်၏။

ယခုတစ်ခေါက်တွင်တော့ မော်ဒယ်မလေးနှစ်ယောက်စီစဉ်ပေးဖို့။

ဝန်ကြီးဘာတွေ ကြံစည်နေသည်ကို ဗေဒါမသိ။

စီစဉ်စရာရှိတာ စီစဉ်ပေးပြီးသည့်နောက် ခြံစောင့်ကို အခြေအနေဖုန်းဆက်မေးကြည့်၏။

ထို့နေ့က ဝန်ကြီးနှင့် ကောင်မလေးနှစ်ယောက် ခြံသို့ လာသွားသည်တဲ့။

ဘယ်လိုပါလိမ့်။

ထို့နောက်ပိုင်း ဝန်ကြီးက ဗေဒါထံသို့ မဆက်သွယ်တော့။ ဗေဒါလည်း အခြေအနေကို နားစွင့်နေလိုက်သည်။

……………………………….

“ဒေါက်..‌ဒေါက်..ဒေါက်”

ဗေဒါ တံခါးထဖွင့်လိုက်၏။

သံချောင်းနှင့် ဗိုလ်ကြီးရန်နိုင်မြင့်။ နှစ်ယောက်လုံးမျက်နှာတွေက မကောင်း။

“မင်းဘယ်လိုလုပ်လိုက်တာလဲ..ဗေဒါ…မင်းငါတို့ကို လူလည်ကျသွားတယ်ပေါ့..ဟုတ်လား”

သံချောင်းက ဒေါကြီးမောကြီးဖြင့်။

“ဘာလဲ..ကျုပ်ဘာမှ နားမလည်ဘူး..ကိုသံချောင်း..ခင်ဗျားဘာတွေပြောနေတာလဲ”

“ဘာကို နားမလည်တာလဲ…အဲ့ဒီနေ့က သုဝဏ္ဏခြံကို လာသွားတာ…ခင်ဗျား ဝန်ကြီးမဟုတ်ဘူး..တခြားတစ်ယောက်ဖြစ်နေတယ်..ကျုပ်တို့ လူကြီးလည်း အခု အဲ့ဒီဗီဒီယိုဖိုင်ကို လေးလပတ်အစည်းအဝေးမှာ ပြမိလို့…ဒုက္ခရောက်နေပြီ။ ခင်ဗျား အဘိုးကြီးက အဲ့ဒီနေ့က စစ်ရုံးမှာ တစ်ညလုံးရှိနေတာလို့..အလီဘိုင်ပြနိုင်နေတယ်..အခု ကာချုပ်ရော..ဒုကာချုပ်ရောက ကျုပ်တို့ လူကြီးကို အချက်အလက်တွေလိမ်လည်တင်ပြတယ်ထင်နေကြပြီ….အခု လူကြီးက ကျုပ်တို့ကိုပါ ထောင်းနေပြီ..ဒီကိစ္စ ခင်ဗျားရှင်း”

သံချောင်းပုံစံက အတော်ပင် သွေးပျက်နေသည့်ပုံ။

“နေပါဉီးဗျ..ကျွန်တော်က ခင်ဗျားတို့ ခိုင်းတဲ့အတိုင်း..သော့ပေးဆိုလို ပေးလိုက်တာပဲလေ..ဝန်ကြီးသွားတာ မသွားတာတော့ ကျွန်တော်နဲ့ ဘာဆိုင်တုန်းဗျ”

“ဘာကို မဆိုင်ရမှာလဲ…အဲ့ဒီနေ့က မော်ဒယ်မတွေနဲ့ သွားတာ…ဝန်ကြီးမဟုတ်ဘူး..သူ့သူငယ်ချင်း ဉီးကြိုင်ဖြစ်နေတယ်..အဲ့ဒါ မင်းသိလျက်နဲ့ ငါတို့ကို ဘာလို့မပြောရတာလဲ။

“ဟ…အရင်ကလည်း ဝန်ကြီးမပါပဲ..သူ့သူငယ်ချင်း ဉီးကြိုင် က အဲ့‌ကလေးမတွေနဲ့ အဲ့ဒီခြံကို လစ်နေကျပဲ…သူတို့ဆီမှာလည်း သော့အပိုရှိနေတာ…ကျွန်တော့်ကို သူတို့က အမြဲတမ်းအစီရင်ခံနေရအောင်လည်း ကျွန်တော်က ဘာကောင်မှ မဟုတ်တာ…ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ သေချာမှ မကြည့်ကြပဲနဲ့..ကျွန်တော့်ကို လာအပြစ်တင်မနေနဲ့ ”

ဗေဒါ၏ စကားမှ မှန်နေသဖြင့် သံချောင်းမှာ ငြိမ်သွား၏။

ဗိုလ်ကြီးရန်နိုင်မြင့် က ဗေဒါ၏ အခန်းကို သေချာကြည့်ရှုနေသည်။

“ကဲ…ကိုသံချောင်း..ကိုရန်နိုင်မြင့်..ကျွန်တော်လည်း ခင်ဗျားတို့ ကူညီဆိုလို့ ကူညီပေးခဲ့ပြီ..ဒီကိစ္စကြီး မအောင်မမြင်ဖြစ်မှ ကျွန်တော့်ကို အပြစ်ဖို့ပြီး…ဒုက္ခပေးဖို့တော့ မလုပ်ကြပါနဲ့ဗျာ”

ဗေဒါ အချိုပြန်သပ်ရပြီ။

“ဟုတ်ပါတယ်…ဒါက ကျွန်တော်တို့ လိုအပ်ချက်ပါ….ပြဿနာက ဒီတိုင်းဆို အထက်လူကြီးတွေက ကျွန်တော်တို့အဖွဲ့အစည်းကို အယုံအကြည်ရှိကြတော့မယ်..မထင်ဘူး…ဟူး”

ဗိုလ်ကြီးရန်နိုင်မြင်ကလည်း လေပြေကလေးဖြင့်။

“ငါတို့တော့ ထုချေလွှာတင်ရတော့မယ်..ဗေဒါ…ဒီကိစ္စ ဝန်ကြီးက သူ မတရားစွပ်စွဲခံရပါတယ်ဆိုပြီး ငါတို့ အက်စ်ဝမ်းကြီးကို ပြန်ဖြေရှင်းပေးဖို့ပြောနေတယ်”

သံချောင်းက စိတ်ဓာတ်ကျသည့်အသံဖြင့်။

“ခင်ဗျားတို့တင်မဟုတ်ဘူး..ကျွန်တော်ပါ ဖြေရှင်းရတော့မှာ…ကျွန်တော်ပါ ဒုက္ခရောက်တော့မှာဗျ…အခုက ကျွန်တော့်ဆီက ဒီသော့ရတယ်ဆိုတာ….အဘိုးကြီး သေချာပေါက်သိလောက်ပြီ”

ဗေဒါ လည်း အားကျမခံ သရုပ်ဆောင်ရတော့သည်။ တချိန်က ရုပ်ရှင်မင်းသမီးလင် ဖြစ်ခဲ့ဖူးသည်ပဲ။ ဒီလောက်တော့ သူလည်းရသည်။

“ငါတို့အားလုံး ဘဝတူတွေပါပဲကွာ..ကဲ..မထူးဘူး..ညစ်တွန်းတွန်းတဲ့အနေနဲ့..သွားသောက်ကြရအောင်”

ထိုအခါမှ ဗေဒါ့ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။

စိတ်ထဲမှလည်း ဝန်ကြီး၏ ပါးနပ်မှုကို ချီးကျူးမိ၏။

အကွက်စေ့စေ့ဖြင့် စစ်ထောက်လှမ်းရေးများကို ကစားပြသွားသည့် လူလည်ကြီး။

……………………………….

“မင်း ပြဿနာကို ဘယ်လိုရှင်းမလဲဆိုတာ..တမင်တကာ ငါစောင့်ကြည့်နေခဲ့တာ..ဗေဒါ… ဒီ ပြဿနာကို မင်းကိုင်တွယ်လိုက်ပုံကို..ငါတို့ တကယ်ချီးကျူးပါတယ်…အခုဆို..ဝန်ကြီးအပေါ် မင်း ကြိုးတစ်ချောင်းနဲ့ ချည်လိုက်နိုင်ပြီပဲ”

မစ္စတာလု က ဗေဒါ ကို သဘောတကျဖြင့် ပြောနေ၏။

သူ့ပုံစံက အတော်လေးပင် ပီတိဖြာနေသည့်ပုံစံ။

“ကဲ..ဒီတော့…ဝန်ကြီးနဲ့ ငါတို့နဲ့တွေ့ဖို့ အချိန်ကျပြီ…..အပါးကြီးရယ်၊ ကိုချူးရယ်၊ငါရယ် ဝန်ကြီးနဲ့ တွေ့ကြဖို့ကို မင်းက စီစဉ်ပေးပါ..အခုကိစ္စမှာ မင်းရဲ့အနောက်မှာ ငါတို့ရှိနေခဲ့တယ်ဆိုတာ..သူ့ကိုအသိပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ..ကျွန်တော်စီစဉ်လိုက်ပါ့မယ်”

“ဪ..ဗေဒါ…မင်းနဲ့ ဂျာနူး..မကြာခင်သွားရမယ့် စင်္ကာပူခရီးစဉ်အတွက် ပြင်ဆင်ထားလိုက်တော့…မသွားခင်..မင်းနဲ့ လောရှည် လုပ်စရာရှိတဲ့ ကိစ္စတွေ ရှိနေသေးတယ်”

……………………………….

မကြာမီ ဟိုတယ်တစ်ခု၏ အထူးသီးသန့်ခန်းတွင် ဝန်ကြီးနှင့် သူ့သားအချို့၊ လောမိသားစုဖခင်ကြီး၊ မစ္စတာချူ၊ မစ္စတာလု ညီအကိုတို့ ညစာစားရင်း တွေ့ဆုံကြသည်။

ဗေဒါ၊ လောရှည် နှင့် အပါကြီး၊ မစ္စတာချူတို့၏ ကိုယ်ရံတော်များ၊ လူယုံများကို ဟိုတယ်၏ အခြားအခန်းတစ်ခုတွင် ဝန်ကြီး၏ ကိုယ်ရေးအရာရှိအဖွဲ့နှင့်အတူ တဝိုင်းတည်ပေး၏။

သူတို့ ဘာတွေဆွေးနွေးကြသည်ကို သူတို့သွေးသားအရင်းအချာများမှလွဲပြီး အခြားလူ အသိခံလိုဟန်မတူ။

ထိုညက အတော်ညဉ့်နက်သည်အထိ သူတို့ ဆွေးနွေးနေကြသည်။

အပြန်တွင် ဗေဒါနှင့် လောရှည်အား မစ္စတာလုက သူ၏ ယောက်လမ်းခြံသို့ ခေါ်သွား၏။

ထိုခြံတွင် ဂျာနူး၊ ကျားရွှမ်၊ အားပေါင်နှင့် မစ္စတာချူး၏ လူယုံတော် သုံးယောက် ရှိနေသည်။

မစ္စတာလု က သူတို့အားလုံးကို ဧည့်ခန်းထဲသို့ ခေါ်လိုက်၏။

“ဒီနေ့ကစပြီး မင်းတို့အားလုံး အပြင်နဲ့ အဆက်အသွယ်မလုပ်ရဘူး..ဒီခြံထဲကိုလည်း အပါးကြီးရယ်၊ ကိုချူးရယ်ကလွဲပြီး ကျန်တဲ့မိသားစုဝင်တွေပါ အလာမခံတော့ဘူး….ငါတို့ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုကို လုပ်ကြရမယ်”

ကြီးမားသည့် လုပ်ငန်းတစ်ခုတော့ စတင်တော့မည်ဖြစ်ကြောင်း ဗေဒါ သဘောပေါက်လိုက်သည်။

အပြင်နှင့်မဆက်သွယ်ရဆိုသဖြင့် ဗေဒါက မေယုကြေးမုံကို သတိရမိလိုက်သေး၏။

ရုတ်တရက်သူပျောက်သွားပြန်သဖြင့် ဒီကောင်မလေး စိတ်ပူနေမလား။

သို့သော် သူ့အကို ဧရာနှင့် ပြန်တွေ့ပြီဖြစ်သဖြင့် ဗေဒါအား လိုအပ်ချင်မှ လိုအပ်တော့မည်မဟုတ်လား။

ရုတ်တရက်ငိုင်သွားသော ဗေဒါကို မျက်နှာချင်းဆိုင်မှ ဂျာနူးက အကဲခတ်နေ၏။

ဗေဒါက သတိထားမိသွားပြီး ဂျာနူးအားပြုံးပြလိုက်သည်။

……………………………….

လုပ်ငန်းများစပြီ။ စပြီဆိုသော်ငြား ဗေဒါတို့ကိုယ်တိုင် သူတို့ဘာလုပ်နေရမှန်း သူတို့မသိကြ။

မနက်မိုးလင်းသည်နှင့် အုပ်စုနှစ်စုခွဲကာ ထွက်ကြရသည်။

ဗေဒါတို့က ရှစ်မိုင်လမ်းဆုံရှိ ခြံကျယ်ကြီးတစ်ခြံသို့ သွားရ၏။ ဗေဒါတို့ ကားပေါ်တွင် မြန်မာငွေများ သိန်းပေါင်းသောင်းနှင့်ချီပါသည်။

ထိုအထုပ်များကို ချပေးပြီးသည်နှင့် ခြံထဲမှ ဒေါ်လာများကို အထုတ်လိုက်ပြန်တင်လာကြရ၏။

ကျားရွှင်တို့ အဖွဲ့ကလည်း ကမ္ဘာအေးဘုရားလမ်းနှင့် လှိုင်ဘာတာရှိ ခြံကျယ်ကြီးတစ်ခုဆီ သွားရကြောင်း ဗေဒါသိရဿည်။

နောက်ပိုင်းတွင် တခြားအိမ်များသို့လည်း သွားရပြီး မြန်မာငွေများပို့ကာ ယွမ်၊ ဘတ်၊ စင်ကာပူဒေါ်လာ၊ စတာလင်ပေါင်များ ကို အိတ်များဖြင့် ပြန်ယူလာရ၏။

ညနေပိုင်းများတွင် အပါကြီး၊ မစ္စတာချူ တို့ ပုံမှန်ရောက်လာပြီး မစ္စတာလုနှင့်အတူ ငွေကြေးစာရင်းများ တွက်ချက်စစ်ဆေးကြသည်။

မစ္စတာလု ၏ ခြံဝန်းအတွင်းမှ ဂိုထောင်များတွင် နိုင်ငံခြားငွေများစွာဖြင့် ပြည့်ကြပ်နေတော့၏။

ဗေဒါတို့ကတော့ ညဘက်များတွင် မစ္စတာလုစီစဉ်ပေးထားသော အရက်ဝိုင်းတွင် အရက်စုသောက်လိုက်၊ ကာရာအိုကေစက်ထားပေးထားသဖြင့် သီချင်းဆိုကြလိုက်ဖြင့် အပျင်းဖြေရသည်။

တချို့တလေညများတွင်လည်း..ဂျာနူးနှင့် ဗေဒါ ခြံဝန်း၏ မှောင်ရိပ်ကျသော နေရာများတွင် ဧဒင်ဉယျာဉ်တည်ဆောက်ကြသည်ပေါ့။

တလတိတိပြည့်ခဲပြီ။

“ရပြီ….မင်းတို့ အားလုံး ကိုယ့်အိမ်ကိုယ်ပြန်လို့ရပြီ….အခြေအနေကို နားစွင့်ထားကြ”

အားလုံကို ပြန်ခိုင်းလိုက်သော်လည်း ဗေဒါနှင့် ဂျာနူးကိုမူ မစ္စတာလု က ပြန်ခွင့်မပြုသေး။

“ဗေဒါနဲ့ ဂျာနူး..မင်းတို့နှစ်ယောက် စင်္ကာပူထွက်ရမယ့်ရက်ကို ငါတို့ အသေးစိတ်စီစဉ်ပေးနေတယ်…. ဒီကြားထဲမှာ ဗေဒါက စျေးကွက်တစ်ခု တည်ဆောက်ရမယ်..တခြားမဟုတ်ဘူး…ရုပ်ရှင်လောကထဲကို ငါတို့ စျေးကွက်ဖြန့်မယ်.. မင်းက ဈေးကွက်တည်ပြီးတာနဲ့ ကျားရွှင်လက်ထဲ လွှဲခဲ့လိုက်တော့..ဟုတ်ပြီလား”

မစ္စတာလုက ဗေဒါနှင့် ဂျာနူးကို ပြန်ခွင့်ပြုလိုက်၏။

ဗေဒါ က ဂျာနူးကို ကိုးမိုင်ခြံသို့ လိုက်ပို့ပေးရမည်ဖြစ်သည်။

“ဂျာနူး…ဘယ်လိုထင်လဲ”

“ဘာကိုလဲ..အကို”

“ကျွန်တော်တို့နှစ်ယောက်အပေါ် မစ္စတာလု ပုံစံက ပြောင်းသွားတဲ့ကိစ္စ..စင်္ကာပူကိုတောင် နှစ်ယောက်တည်း လွှတ်ဉီးမှာဆိုတော့”

“အဲ့ဒါ..မကောင်းဘူးလား..အကို”

“အင်း..ကောင်းပါတယ်..ဒါပေမယ့်..အစက သူတို့က ဂျာနူးကို စင်္ကာပူကို အပြီးသွားခိုင်းမယ့် အစီအစဉ်လေ..အခုကျ…ကျွန်တော့်ကိုပါ..ထည့်လိုက်တယ်ဆိုတော့..တမျိုးဖြစ်နေလားလို့”

“သိပ်ရှည်ရှည်ဝေးဝေးမစဉ်းစားနေပါနဲ့ အကိုရယ်…သူတို့ က ဘယ်အလုပ်မဆို..သူတို့ရဲ့ ရေရှည်အကျိုးစီးပွားကို တွက်ချက်ပြီး လုပ်တတ်ကြတာ..တခါတလေ သူတို့ လုပ်တဲ့ကိစ္စတွေကို လိုက်တွေးနေရင်..ခေါင်းနောက်တယ်…ဂျာနူးကတော့ အကိုနဲ့အတူ ခရီးထွက်ရမှာမို့..ပျော်တယ်..သိလား”

ဂျာနူးနှင့် စကားပြောနေရင်းမှ ဗေဒါက မေယုကြေးမုံကို ဖြတ်ခနဲ သတိရလိုက်မိ၏။

မေယုကြေးမုံ ဘာဖြစ်နေပြီလဲ။ တလတိတိ မေယုကြေးမုံကို သူ မဆက်သွယ်ဖြစ်ခဲ့။ သူတို့ ဖုန်းများအားလုံးကိုလည်း မစ္စတာလုက သိမ်းဆည်းထားသည်မဟုတ်လား။

“အကို.ဘာဖြစ်သွားတာလဲ…ဂျာနူးနဲ့ ခရီးသွားရမှာကို အကို မပျော်တာလား”

“အဲ..အင်း..ပျော်ပါတယ်..ဂျာနူးရဲ့”

မကြာမီ ဂျာနူးနေထိုင်ရာ ကိုးမိုင်ခြံသို့ ရောက်သွား၏။

“အကို..အထဲဝင်ဉီးမလား”

“မဝင်တော့ဘူး..ဂျာနူး..အကို့အခန်းလည်း ပစ်ထားတာ တလဆိုတော့ သွားပြန်ကြည့်ဦးမှပဲ”

“ဒါဆို ညနေ ဂျာနူး ဖုန်းဆက်မယ်နော်”

ဗေဒါ က ဂျာနူးဆင်းသွားပြီးနောက် သူ၏ ဖုန်းကို ဖွင့်လိုက်သည်။

ထို့နောက် ချက်ချင်းပင် ရီတာ၏ ဖုန်းကို ဆက်လိုက်သည်။

“ဟယ်လို”

“ကျွန်တော် ဗေဒါပါ..မရီတာ”

“ဪ..ကိုဗေဒါ…ရှင် ပျောက်နေတာကြာလှပါလား..ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်ဆိုလို့”

“ဟုတ်တယ်..ကျွန်တော်အရေးပေါ်ကိစ္စနဲ့ လိုင်းမမိတဲ့နေရာ ခရီးထွက်သွားလို့..မေယု‌ကြေးမုံရော..ဟင်”

“မေယု…သူပြန်သွားပြီလေ”

“ဗျာ”

“ဟုတ်တယ်…ကိုဗေဒါ..သူပြန်သွားပြီ”

“သူ့အကို ဧရာရော”

“ကျွန်မလည်း သေချာမသိဘူး…ဧရာဆေးရုံကဆင်းတော့…မေယုက အိမ်တွေဘာတွေငှား၊ ဘဏ်ထဲမှာ ငွေတွေဘာတွေ ထည့်ပေးပြီး..သူတို့မောင်နှမ အတော်အဆင်ပြေနေကြသေးတယ်..တရက်တော့ မေယု ကျွန်မအိမ်ကို ပြန်လာတယ်..မျက်နှာလည်း မကောင်းဘူး..ဘာဖြစ်တာလဲ ကျွန်မမေးတော့လည်းမဖြေဘူး…နောက်နှစ်ရက်နေတော့ လေယာဉ်လက်မှတ်ဖြတ်ပြီး သူပြန်သွားတာပဲ”

“အင်း..သူ့အမေက ပြန်ခေါ်ပြီထင်ပါရဲ့”

“အဲ့ဒီလိုလည်း မဟုတ်လောက်ဘူး..ကိုဗေဒါ…ကျွန်မသိသလောက်တော့…သူ ဧရာဆိုတဲ့လူ နဲ့ ပြဿနာတစ်ခုခု ဖြစ်ခဲ့ပုံပဲ…အမြဲတမ်းသွက်လက်နေတဲ့ကောင်မလေးက အဲ့ဒီရက်ပိုင်းအတော်လေးကို သိသာနေတာ…ကျွန်မလည်း သူ့ကို အားနာတာနဲ့ အတင်းအကြပ်မမေးဖြစ်တော့တာပဲ”

“ကျွန်တော့်ကိုရော…သူဘာပြောသွားသေးလဲ”

“ဘာမှ မပြောသွားဘူး”

ဗေဒါ့ရင်ထဲ တစ်မျိုးခံစားလိုက်ရသည်။

မေယုကြေးမုံ အပေါ် သူ့အနေဖြင့် စိတ်ခံစားချက်ဘာမှမရှိဟု ထင်ခဲ့ဖူးသည်။ ယခု နှုတ်ဆက်ခွင့်ပင်မရလိုက်ပဲ သူမ ပြန်သွားသည်ဆိုတော့။

ဗေဒါက ရီတာကို ကျေးဇူးတင်စကားဆိုရင်း..သူ့အိမ်ရှိရာ မြို့ထဲဘက်သို့ ကားပြန်မောင်းလာခဲ့လိုက်၏။

တစ်နေရာအရောက်တွင် လမ်းမပေါ် စီတန်းနေသော လူတန်းကြီး။

အာရှဓနဘဏ်ရှေ့တွင် တိုးဝှေ့နေကြခြင်း။

ဗေဒါက ထိုလူတန်းကြီးကိုကျော်ကာ ဆက်မောင်းလာခဲ့သည်။

နောက်ထပ် ပန်းဆိုးတန်း မေဖလားဝါးဘဏ်ရှေ့တွင်လည်း ထိုနည်းလည်းကောင်း။

ဘာတွေဖြစ်နေပြီလဲ။ ဗေဒါက အခြေအနေကို အကဲခတ်ရန် ဘဏ်နှင့် ခပ်လှမ်းလှမ်းတွင် ကားကို ထိုးရပ်လိုက်၏။

ထိုသို့အခြေအနေမျိုးဆိုလျှင် စစ်ထောက်လှမ်းရေးများ ရှိတတ်စမြဲမို့ ဗေဒါ အနီးပတ်ဝန်းကျင်သို့ မျက်လုံးကစားလိုက်သည်။

ထင်သည့်အတိုင်း…မလှမ်းမကမ်းတွင် သံချောင်း၏ လက်အောက်မှ စစ်ထောက်လှမ်း‌ရေးတပ်ကြပ်ကြီးတစ်ဉီးကို ကာားတစ်စီးရှေ့တွင် တွေ့ရသည်။ သူ့လက်ထဲတွင်လည်း ကင်မရာနှင့်။

ထိုတပ်ကြပ်ကြီးနှင့် ဗေဒါ သုံးလေးငါးခါဆုံဖူးပြီးရင်းနှီးသည်။

ဗေဒါက ထိုတပ်ကြပ်ကြီးအနီးသို့ လျှောက်သွားလိုက်၏။

“ဟာ..ကိုဗေဒါ..ပျောက်တယ်နော်”

“ဟုတ်တယ်..ဆရာကြီး..အလုပ်ကိစ္စနဲ့ ခရီးထွက်နေလို့…ဒါနဲ့..အဲ့ဒါ ဘာဖြစ်နေကြတာလဲ”

“ခင်ဗျား..မသိသေးဘူးလား”

“မသိသေးဘူးဗျ”

“ဘဏ်တွေ ဒေဝါလီခံရတော့မယ်ဆိုလို့…လူတွေ ငွေစုပြုံထုတ်နေတာလေ…ဘဏ်တွေကလည်း တပတ်ကို နည်းနည်းပဲ ထုတ်ပေးမယ်လို့ပြောလို့..လူက ပိုအုံလာတာ”

“Bank Crisis ဖြစ်တာပေါ့”

“ဒါပေါ့ဗျာ…ခင်ဗျားမှာ အပ်ထားတဲ့ငွေတွေရှိရင်လည်း…ပြောဉီး..ကျွန်တော် ထုတ်ပေးလို့ရတယ်နော်…ဘော်ဒါကြေးကတော့ နည်းနည်းပါးပါးပေးရမှာပေါ့..ကိုဗေဒါ”

ဗေဒါက တော့ တပ်ကြပ်ကြီး၏ အမေးကို ပြန်မဖြေနိုင်။ တချိန်က ဂျာနူးနှင့်လက်ထပ်ရန်ဟုဆိုကာ သူစုဆောင်းထားသည့် ငွေသိန်းတစ်ရာ့ငါးဆယ်နီးပါးလည်း အာရှဓနနှင့် မေဖလားဝါးတို့တွင် အပ်ထားသည်ပဲ။

သို့သော် အဲ့ဒါတွေကို သူစိတ်မပူအား။

သူကို အံဩသွားစေသည်ကား…လွန်ခဲ့သည့်တလလုံးလုံး သူတို့လုပ်ခဲ့ရသည့် ငွေပေးငွေယူသယ်ဆောင်မှုအကြီးကြီးများနှင့် ယခုကိစ္စ သေချာပေါက် သက်ဆိုင်နေပြီမှန်း သိလိုက်ရ၍ပင်။

ခက်ဇော်

အခန်း ၂၀ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>