ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

0
2631

ယခုအပတ်တွင် ရွှေဈေးမှာ အလှုပ်အခတ်နည်းခဲ့ပြီး ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျရိပ်ပြခဲ့သည်။

အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်ထောင်ဂဏန်းသာ အတက်အကျရှိခဲ့ပြီး ဘတ်ဈေးမှာ တဖြေးဖြေးကျနေခဲ့သည်။

ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အလှုပ်အခတ်နည်းသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အတက်အကျ အနည်းငယ်သာရှိခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်ငါးထောင်ကျော်အထိ အပြောင်းအလဲရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၀ ရက် (တနင်္လာနေ့) က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်းကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။

ထိုနောက် ကြားရက်များတွင် ကျပ်ထောင်ဂဏန်း ဈေးအပြောင်းအလဲရှိခဲ့ပြီး သောကြာနေ့တွင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း ဖြစ်သွားပြန်သည်။

ဆက်တိုက်ကျ ဘတ်ဈေး

ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် ဆက်တိုက်နီးပါး ကျရိပ်ပြနေခဲ့သည်။

တနင်္လာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ် ဝန်းကျင်ရှိခဲ့ပြီး နောက်ရက်များတွင် ပြားစွန်းစွန်း ကျလာခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၉၇ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျမငြိမ်သည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ နေ့စဉ်အတက်အကျရှိခဲ့ပြီး တစ်လီတာလျှင် ၃၀ ကျပ်အထိ ဈေးလှုပ်နေခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၀၀ ကျပ်မှ ၂၂၀ဝကျပ်အထိ အပြောင်းအလဲရှိခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၄၃၀ ကျပ်မှ ကျပ် ၃၂၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အလှုပ်အခတ်ရှိခဲ့သည့် ရွှေဈေးမှာ လာမည့်အပတ်တွင် ကျရိပ်ပြလာနိုင်ကြောင်း ခန့်မှန်းရသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၈၁၁ ဒေါ်လာဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၈၄၂ ဒေါ်လာပေါက်ဈေးရှိသည်။

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေခြင်း၊ ပြည်တွင်း ရွှေအရောင်းအဝယ်ပါးနေခြင်း၊ တိုင်းပြည် စီးပွားရေးကျဆင်း နေခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက်တွင် လက်ရှိပေါက်ဈေးထက် အနည်းငယ် ထပ်ကျလာနိုင်ကြောင်း ခန့်မှန်းရသည်။

ထိုင်းဘတ်ဈေးလည်း ဆက်ပြီးကျရိပ်ပြနေမည်ဖြစ်သည်။

စီးပွားရေး၊ နိုင်ငံရေး အခြေအနေများအရ လက်ရှိပေါက်ဈေးအတိုင်း အပြောင်းအလဲနည်းနည်းဖြင့် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံပေါက်ဈေးမှာ ငြိမ်နေပြီး ဒေါ်လာငွေလဲနှုန်းမှာ အလှုပ်အခတ် အနည်းငယ်ရှိနေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၈၀ ကျပ် ဈေးပေါက်နေပြီး ပြီးခဲ့သည့်အပတ်ကမူ ၂၈၆၅ ကျပ် ဝန်းကျင်ရှိသည်။

ထိုကြောင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးမှာ လက်ရှိဈေးအတိုင်း တစ်လီတာလျှင် ၂၂၀၀ ကျပ်စွန်းစွန်းဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။