သရက်ချောင်းတွင် စျေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၍ ၂ ဦးသေ

0
2543

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၄ နာရီခွဲခန့်က စျေးဝယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနေ့ ညနေပိုင်းတွင် ရွာထဲသို့ကင်းလှည့်ရင်း ဈေးဝင်ဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့က ပြောသည်။

“အုပ်စုနဲ့လာတာမဟုတ်ဘူး၊ ဈေးဝင်ဝယ်ပြီး ပြန်အထွက်မှာ ပစ်ခတ်ခံရတာ၊ ပစ်ခတ်မှုကတော့ ခဏပဲဖြစ်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်မှုကြာချိန် ၁၅ မိနစ်ခန့်သာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“စော်ဖျားရွာလယ်မှာကို ပစ်ကြတာ၊ နှစ်ယောက်သေတယ်လို့တော့ ပြောသံကြားတယ်။ ကင်းလှည့်လာချိန်ပစ်တယ်လို့ပြောတယ်။ ကျွန်မတို့က ကျည်ဆန်ကြားထဲမှာ သွားပိတ်မိနေတယ်” ဟု စော်ဖျားရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဘက်က ညနေ ၆ နာရီခန့်အထိ ပြန်လည်ပစ်ခတ်နေ၍ ပစ်ခတ်မှုငြိမ်သွားချိန်မှသာ အိမ်ကိုပြန်ခဲ့ရသည်ဟု ဒေသခံအမျိုးသမီးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့၏ ပြောဆိုချက်အရ သိရသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စော်ဖျားကျေးရွာဘုရားကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းရှိပြီး ယင်းဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့များ နေထိုင်သည်ဟု ဒေသခံများက ပြောသည်။