မြိတ်တွင် အမျိုးသားတစ်ဦး အနှိပ်ခံနေစဉ် လည်ပင်းကို ဓါးဖြင့်လှီးခံရ

0
2719
ပုံစာ - ဖေဖော်ဝါရီ ၂၃ ရက်နေ့က အခင်းဖြစ်ပွားခဲ့သည့်နေအိမ်။

မြိတ်မြို့ ၊မြိတ်တောင်နယ်မြေ အောင်ဆန်းလမ်းမကြီးရှိ နေအိမ်(နှစ်ထပ်တိုက်)တွင် ယနေ့(ဖေဖော်ဝါရီ ၂၃)  နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး၏လည်ပင်း ဓါးဖြင့်လှီးခံရကြောင်း ယင်းနေအိမ်အနီးနေသူအချို့ထံမှ သိရသည်။

အဆိုပါ အသက် ၄၀ နှစ်ကျော်ရှိ အိမ်ရှင်အမျိုးသားသည် နေအိမ်အပေါ်ထပ်တွင် အနှိပ်ခံနေစဉ် နှိပ်ပေးသူ အမျိုးသားက ဓားဖြင့်လည်ပင်းအား လှီးဖြတ်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

ဓားဖြင့်လှီးသွားသူမှာ အိမ်ရှင်နှင့် သိကျွမ်းသူဖြစ်ပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့လုပ်သွားသည်ကိုမူ မသိရှိရပေ။

“တိုက်အနောက်က သံတံခါးကို ဆွဲဖျက်ပြီး ထွက်ပြေးသွားတာ၊ သံတံခါးက ဆွေးနေတယ်။ ကြည့်ရတာ မလုပ်ခင် ပြေးပေါက်ကြိုကြည့်ထားပြီးဖြစ်မယ်။ ဝိုင်းလိုက်ကြတာ မမှီလိုက်ဘူး” ဟု အခင်းဖြစ်နေအိမ်အနီး တွင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ နှစ်ထပ်တိုက်အပေါ်ထပ်တွင် နှိပ်နယ်နေစဉ် နှိပ်ပေးသူ အမျိုးသားသည် အောက်ထပ်မီးဖိုချောင်တွင် ရေဆင်းသောက်ပြီး မီးဖိုချောင်မှ အလျား ၁၀ လက်မခန့်ရှိ ကြက်သွန်လှီးဓားတစ်ချောင်း ယူဆောင်ကာ လည်လှီးခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်နဲ့ သိကျွမ်းသူအချို့က ပြောပြသည်။

“ရေဆင်းသောက်တာတွေ့တယ် ဓားယူသွားတာမသိလိုက်ဘူး သတိမထားမိလိုက်ဘူး ခဏအကြာတော့ ပြေးဆင်းလာပြီး အနောက်ပေါက်ကနေ ထွက်ပြေးသွားတာလို့ ကြားရတယ်” ဟု အိမ်အကူအမျိုးသမီးနဲ့ နီးစပ်သူ တစ်ဦးကပြောသည်။

အခင်းဖြစ်ပွားစဉ် နေအိမ်အောက်ထပ် မီးဖိုချောင်တွင် အိမ်အကူအမျိုးသမီးက အဝတ်အစားများကို မီပူတိုက်နေသည့် အချိန်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လှည်ပင်းအား ဓားဖြင့်လှီးခံရသဖြင့် အိမ်ရှင်အမျိုးသားတွင် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိသဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း သိရသည်။

ဓားဖြင့်လည်လှီးသည့် အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှသိရသည်။