သံဖြူဇရပ်တွင် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

0
2456

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ယနေ့ (ဖေဖေါ်ဝါရီ ၂၃) နံနက် ၆ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် အဆောက်အအုံ အစိတ်အပိုင်း အတော်များများ  ပျက်ဆီးသွားခဲ့သည်ဟု မြို့ခံတို့က ပြောသည်။

“မနက်အစောကြီးဖြစ်နေတော့ လူမရှိသေးဘူး၊ လူထိသွားတာတော့မရှိဘူးပေါ့ ဒါပေမဲ့ ရုံးကတော့ တော်တော်ကို ပျက်ဆီးသွားတယ်” ဟု အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည့်အပြင် မြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာတို့တွင် ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မြို့ခံအချို့တို့က ပြောသည်။

အလားတူ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်ကလည်း မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် စျေးကြိုအဝိုင်အနီးရှိ ပြည်နယ် လဝကရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူတို့က ပြောသည်။

၎င်းပြင် လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးသွားခဲ့သည် သိရသည်။

“ညပိုင်းဖြစ်နေတော့ ပေါက်ကွဲမှုက အကျယ်ကြီးကြားရတယ်၊ မော်လမြိုင်မှာ ပေါက်ကွဲမှုတွေ မကြာခဏကြားနေရတယ်” ဟု စျေးကြိုရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ပြည်နယ်လဝကရုံး ပေါက်ကွဲမှုဖြစ်စဥ်တွင် လူထိခိုက်မှုမရှိသလို အဆောက်အအုံလည်း ထိခိုက်ပျက်ဆီးမှုမရှိဟု သိရသည်။

မော်လမြိုင်နှင့် သံဖြူဇရပ်မြို့တို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အစိုးရဌာနဆိုင်ရာရုံးများနှင့် အုပ်ချုပ်ရေးမှူးရုံးများတွင် ပေါက်ကွဲမှုဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိပြီး လူထိခိုက်သေဆုံးသည်အထိလည်း ရှိခဲ့သည်။