ကော့သောင်း၊ ဝိုင်ဒင်းရွာတွင်တိုက်ပွဲပြင်းထန်၊ နှစ်ဖက်ထိခိုက်မှုရှိ

0
2705
ဓာတ်ပုံ - KTLA

ကော့သောင်းခရိုင်၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့ကြောင်း ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁)က ယနေ့(ဖေဖော်ဝါရီ ၂၃)ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီအင်အား ၁၇၀ ခန့်ဖြင့် ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွါးခဲ့ပြီး ညနေ ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ကာ ယင်းနောက်စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွါသွားကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးခဲ့ပြီး ၅၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ကော့သောင်းခရိုင်အမှတ်(၁) တပ်ရင်းမှ ရဲဘော်တစ်ဦးနှင့် ကော်သူးလေတပ်ဘက်မှ ရဲဘော်တစ်ဦးလည်း လက်နက်ကြီးအစ ထိမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဝိုင်ဒင်းကျေးရွာသည် ထိုင်း-မြန်မာနယ်စပ်အနီးတည်ရှိပြီး ယင်းရွာအပါအဝင် ရွာသုံးရွာကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် KNU ကော်သူးလေ ပူးပေါင်းတပ်တို့က ထိန်းချုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော်သည်လည်း ထိုင်းနိုင်ငံဖက်သို့ ပြေးဝင် ခိုလှုံနေကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ မှသိရသည်။