မြိတ်အိမ်ခြံမြေဈေး နှစ်ဆ‌ကျော်ခုန်တက်

0
2945
ပုံစာ - မြိတ်မြို့တွင်းတစ်နေရာ။

မြိတ်မြို့တွင် အိမ်ခြံမြေဈေးနှုန်း ယမန်နှစ်ထက် ဈေးနှစ်ဆကျော်အထိခုန်တက်သွားကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတို့နှင့် ဒေသခံတို့ထံမှ သိရသည်။

မြို့ပေါ်ရပ်ကွက်အချို့ မိန်းလမ်းမကြီးရှိ အိမ်မပါ ပေ ၃၀၊ ပေ ၅၀မြေတစ်ကွက်လျှင် ယခင်နှစ်က ကျပ်သိန်းလေးရာမှ ကျပ်သိန်းရှစ်ရာ၊ တစ်ထောင်အထိမြင့်တက်‌နေကြောင်း မြိတ်တောင်ရပ်နေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း တစ်ဦးက ပြောသည်။

“ဈေး‌နှုန်းအတော်ကွာသွားတာ။ ဈေးတက်လည်း ဝယ်တဲ့သူလည်း ရှိတာပဲ” ဟု ၎င်းက ဆိုသည်။

မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ ရွှေပြည်တန်၊ ရာပြည့်၊ အင်းလေးမြိုင်စသည့် ရပ်ကွက်တို့တွင် နေအိမ် အမျိုးအစားအပေါ်မူတည်ပြီး မြေတစ်ကွက်လျှင် ကျပ်သိန်း‌လေးရာမှ ငါးရာအထိ ရောင်းချနေကြကြောင်း ယင်းရပ်ကွက်နေသူတို့မှ သိရသည်။

“အလျှော့အတင်း နည်းနည်းပါးပါးတော့ရှိတာပေါ့။ လေးရာငါးဆယ်နဲ့ ဈေးခေါ်တာ လေးရာ့နှစ်ဆယ်နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်” ဟု အင်းလေးမြိုင်ရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။

၎င်းပိုင်ဆိုင်သည့် အင်းလေးမြိုင်ရပ်ရှိ နေအိမ်ပါ မြေတစ်ကွက်အား ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလုပ်အကိုင်လည်း အဆင်မပြေဘူး။ ပေးစရာလေး နည်းနည်းရှိတာနဲ့ ရောင်းလိုက်ရတာ။ ဈေးသင့်တဲ့နေရာမှာ ပြန်ရှာဝယ်ရမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါရောင်းချခဲ့သည့် နေအိမ်အပါအဝင် ယင်းလမ်းထဲရှိ နေအိမ်တို့သည် ယခင်နှစ်က ကျပ်သိန်းနှစ်ရာမှ နှစ်ရာ့ငါးဆယ်အထိသာ ဈေးရှိခဲ့ကြောင်း မြိတ်တောင်ရပ်နေ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

မြေကွက်ဈေးနှုန်းတို့သည် ပျမ်းမျှအားဖြင့် အရှည် ၅၀ ပေ၊ အကျယ် ၃၀ ပေရှိ မြေကွက်တို့၏ ဈေးနှုန်းဖြစ်ကြသည်။

ဈေးကွက်ထဲတွင် ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တို့ထံမှ သိရသည်။

အိမ်ခြံမြေဝယ်ယူသူအများစုသည် ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် လက်ထဲငွေပမာဏများစွာ မထားလိုခြင်းတို့ကြောင့် ဝယ်ယူကြခြင်းဖြစ်ကြကြောင်း ၎င်းတို့က ဆိုသည်။

“ဝယ်ပြီးပြန်ရောင်းကြတာက များတယ်။ ဈေးတက်ရင် ပြန်ရောင်းကြတာပေါ့။ အချို့ကတော့ ဝယ်ပြီးအိမ်ဆောက် နေကြတယ်။ ပြန်ငှားစားတဲ့သူလည်းရှိတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင် အမျိုးသမီးတစ်ဦးက ပြောသည်။

‌မြိတ်တောင်ရပ်နေ အမျိုးသမီးတစ်ဦးကလည်း “ကြေးပြား (ပိုက်ဆံ) က လက်ထဲမကိုင်ထားချင်ဘူး။ အပိုဝင်ငွေ ရအောင်ဆိုပြီး လေးရာတန်း တစ်ကွက်ဝယ်ပြီး တစ်ထပ်တိုက်လေးဆောက်နေတယ်။ ပြန်ငှားစားမလို့ပါ” ဟု ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးထိုးဆင်းကာ နိုင်ငံခြားငွေလဲဈေးနှုန်း၊ ရွှေဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများ အဆမတန် ခုန်တက်သွားခြင်းနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများလည်း မြင့်တက်လာခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်သူအချို့က ဆိုသည်။

ငွေကြေးအခက်အခဲကြောင့် အိမ်ခြံမြေတို့အား ရောင်းချပြီး မြို့အပြင်ဘက်ရှိ ‌မြေတစ်ကွက်လျှင် ကျပ်သိန်းခုနှစ်ဆယ်မှ တစ်ရာကျော်အထိ တန်ဖိုးသင့်မြေကွက်တို့အား ဝယ်ယူကာ ပြောင်းရွှေ့နေထိုင်မှုများ ရှိနေကြောင်း မြိတ်တောင် ကျေးရွာအုပ်စုတွင်းရှိ ရပ်ကွက်နေသူအချို့က ပြောဆိုကြသည်။

“မြို့အပြင်ဘက်ကျတဲ့ ချောင်းကူးငယ်၊ ‌ရွှေပေးရွာဘက်တွေမှာ ပြောင်းနေကြတာများတယ်” ဟု မြိတ်တောင်ကျေးရွာ အုပ်စု ရွှေပြည်တန်ရပ်နေသူတစ်ဦးက ပြောသည်။

အဆိုပါ မြို့အပြင်ဘက်ကျသည့် မြို့ပတ် ၁ နှင့် ၂ လမ်းတို့ရှိ စမ်းချောင်းကြီး၊ ချောင်းကူးငယ်၊ ရွာသစ်၊ ဘုတ်ချောင်း၊ တောင်ပြို၊ ရွှေပေးရွာဘက်တို့ရှိ မြေတစ်ကွက်လျှင် ကျပ်သိန်းခုနှစ်ဆယ်မှ တစ်ရာကျော်အထိရှိနေကြောင်း ယင်းရပ်ကွက်နေသူတို့မှ သိရသည်။

ထို့အပြင် အိမ်ခြံမြေဈေးနှုန်းတို့တွင် ရောင်းချသူ၏ မြေကွက်ပိုင်ဆိုင်ကြောင်း အမည်ပေါက်နှင့် ဆယ်နှစ်၊ နှစ်သုံးဆယ် မြေငှားဂရန်ပါရှိသည့် မြေကွက်တို့သည် ပုံမှန်မြေကွက်ထက် ကျပ်သိန်းငါးဆယ်မှာ တစ်ရာကျော်အထိ ကွာဟလေ့ ရှိကြကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်သူအချို့က ဆိုသည်။

မြို့အတွင်းဘက်ကျသည့် ရပ်ကွက်တို့ရှိ အဓိကလမ်းမပေါ်တို့တွင် နေအိမ်၊ တိုက်တာအဆောက်အအုံနှင့် မြေအကျယ် အပေါ်မူတည်ပြီး တစ်ကွက်လျှင် ကျပ်သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ဈေးနှုန်းရှိသည်ဟု ဆိုသည်။