ပုလောတွင် CDM ကျောင်းဆရာမ ၁၇ဦးနှင့် အရပ်သားအချို့ ဖမ်းဆီးခံရဟုဆို

0
2694

မြိတ်ခရိုင်၊ ပုလောမြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် ကျောင်းဆရာမများနှင့် အရပ်သားအချို့ ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့ရပ်ကွက်အသီးသီးတွင် နေထိုင်သည့် ကျောင်းဆရာမ ၁၇ ဦးဝန်းကျင်နှင့် အရပ်သားလေးဦးခန့်ကို
စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၁ ရက် ညတွင် လာရောက်ဖမ်းဆီးသွားကြောင်း ပုလောမြို့ခံများက ပြောသည်။

“ည ၁ နာရီ၊ ၂ နာရီလောက်က ကားတွေနဲ့လာပြီး ဖမ်းသွားကြတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

အဖမ်းခံရသူများမှာ ပုလောမြို့နယ်ရှိ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းအသီးသီးတွင် ယခင်က တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး လက်ရှိတွင် CDM ပြုလုပ်ထားကြသည့် ဆရာမ အများဆုံး ပါဝင်ကြောင်း မြို့ခံတို့က ဆိုသည်။

“ဆရာမတွေအပြင် အရပ်သားတွေရောပါတယ်။ အားလုံး နှစ်ဆယ်လောက်ရှိတယ်” ဟု ပုလောမြို့ခံ အမျိုးသား နောက်တစ်ဦးက ပြောသည်။

နောက်ထပ် မြို့ခံတစ်ဦးကလည်း ဖမ်းဆီးခံရသူများတွင် အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၊ ကွမ်းယာရောင်းချသူ အမျိုးသားတစ်ဦး၊ နောက်ထပ်အရပ်သားတစ်ဦး၊ CDM ဆရာမကို မတွေ့သဖြင့် ၎င်း၏ ဖခင်တို့ ဖမ်းဆီးခံရကြောင်း ပြောဆိုသည်။

ဖမ်းဆီးခံရသူထဲက အချို့ကို တော်လှန်ရေးတပ်ဖွဲ့များအတွက် ထောက်ပို့လုပ်ကြောင်း စွပ်စွဲထားသည်ဟု သတင်းထွက်နေကြောင်း ၎င်းက ဆိုသည်။

ပုလောမြို့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ပထမဆုံးအကြိမ် ဝင်ရောက်ဖမ်းဆီးသည့် ဖြစ်ရပ်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်း ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။