KNU နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ကော်သူးလေ ရဲဘော်သုံးဦးကျဆုံး

0
2584

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားသဖြင့် ရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း ကော်သူးလေတပ်မတော် (တနင်္သာရီတိုင်း) က ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၂၀ ရက်တို့တွင် KNU တပ်မဟာ ၄ ၏ KNLA နှင့် ကော်သူးလေတပ်မတော် KTLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်သားသုံးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကော်သူးလေ KTLA တပ်ရင်း ၁ က ထောင်းမာ့ဖြူကျေးရွာလမ်းအတိုင်းသွားနေချိန် အသင့်စောင့်ဆိုင်းနေသည့် KNLA တပ်က တိုက်ခိုက်သဖြင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် KNLA ရဲဘော်တစ်ဦးကို ကော်သူးလေတပ်မတော်က ဖမ်းဆီးသွားသည်ဟု ဆိုကာ KNLA က ကေးမကီရွာတွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထိုတိုက်ပွဲတွင် ကော်သူးလေတပ်မတော်က ရဲဘော်နှစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းခံလိုက်ရသည်ဟု ထုတ်ပြန်ထားသည်။

KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း ကရင်လက်နက်ကိုင် နှစ်ဖွဲ့စလုံးနှင့် နီးစပ်သူတစ်ဦးက Dawei Watch ကို ပြောသည်။

သတင်းအချို့တွင် ကော်သူးလေ တပ်မတော် တပ်ရင်း ၁ ကို KNLA က ဝင်သိမ်းသည်ဟု သတင်းအချို့တွင် ဖော်ပြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တနင်္သာရီတိုင်းတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့မှာ ပြီးခဲ့သည့်လကတည်းက စစ်ရေးတင်းမာနေပြီး ထုတ်ပြန်ချက်များ အပြန်အလှန် ထုတ်ပြန်ထားကြသည်။

ထိုသို့ ကရင်လက်နက်ကိုင်နှစ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ငြိမ်းချမ်းသည့်နည်းဖြင့် ဆွေးနွေးအဖြေရှာ ကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူများနှင့် ပြည်ပရောက်ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့က ယခုလအတွင်း နှစ်ကြိမ်တိုင်တိုင် တောင်းဆိုထားသည်။