ထိုင်းတွင် နေစရာ စားစရာ မရှိသဖြင့် သတ်သေသည်ဟုယူဆရသည့် မြန်မာတစ်ဦးအလောင်းတွေ့

0
2461

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင် ဘန်လေ့ဒေသရှိ ရေသွယ်တန်းထားသော မြောင်းထဲတွင် မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို ထိုင်းအမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် ဘန်လေ့ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ် ကိုသန်းရွှေအမည်ရှိသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ရခိုင်လူမျိုးတစ်ဦးလည်းဖြစ်ကြောင်း အနီးတွင် တွေ့ရသော မှတ်ပုံတင် အထောက်အထားအရ သိရသည်။

ကိုသန်းရွှေသည် မြောင်းအတွင်း၌ မှောက်လျက်အနေအထားဖြင့် သေဆုံးလျက်စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်း၏ အိတ် အတွင်းမှ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်နှင့် ထိုင်းဘာသာဖြင့် ရေးသားသော စာတစ်စောင်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။

ထိုင်းဘာသာဖြင့် ရေးသားထားသောစာအရ မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချ ထားကြောင်း သတင်းများတွင် ရေးသားထားသည်။

စာထဲတွင် “ကျွန်တော်က မြန်မာလူမျိုးပါ။ နေစရာ နေရာလည်း မရှိ။ စားစရာလည်း မရှိလို့ ထမင်းနည်းနည်း ကျွေးကြပါ။ ကျွန်တော် ထိုင်းစကားမပြောတတ်ပါ။ သနားသောအားဖြင့် ထမင်းနဲ့ ရေလေးများ ပေးကြပါ” ဟု ရေးသားထားသည်။

ယင်းစာမှာ မည်သူက ရေးသားပေးထားသည်ကိုမူ သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။

သေဆုံးသူ၏ အိတ်အတွင်းမှ ဆေးရွက်ကြီးအချို့ကိုလည်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အလောင်းတွေ့ရှိရာနေရာသို့ ရဲတပ်ဖွဲ့များနှင့် မှုခင်းဆရာဝန်များ ရောက်ရှိလာခဲ့ပြီး သေဆုံးရသည့် အကြောင်း အရင်းကို ရင်ခွဲစစ်ဆေးနိုင်ရန်အတွက် နခွန်ပထုန်ဆေးရုံကြီးသို့ လူမှုကူညီရေးအဖွဲ့များက ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စမွတ်ပရကန်ခရိုင်၌ သမီးဖြစ်သူက မြန်မာပြည်ပြန်ရန် ခွင့်မပြုသဖြင့် အသက် ၅၆နှစ်ရွယ် မြန်မာအမျိုးသားတစ်ဦး နေထိုင်ရာ တိုက်ခန်းဝရံတာတွင် ကြိုးဆွဲချ သတ်သေမှု ဖြစ်ပွားခဲ့သေး သည်။