မြိတ်တွင် ရော်ဘာခြံထဲ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းတွေ့

0
2758

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာအနီး ရော်ဘာခြံတစ်ခုအတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက်က အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရကြောင်း ယင်းရွာနေသူအချို့ထံမှ သိရသည်။

ရွှေဒူးနှင့် သာရမဲရွာအကြားရှိ ရော်ဘာခြံတစ်ခုတွင် အမျိုးသမီးတစ်‌ဦး သေဆုံးနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က လာရောက်စစ်ဆေးခဲ့ကြောင်း ရွှေဒူးရွာနေသူအချို့က ပြောသည်။

“ကော်ပတ်ခြံ (ရော်ဘာခြံ) ထဲမှာ မိန်းမတစ်ယောက်သေနေတာပဲကြားရတယ်။ ဘာကြောင့်သေနေလဲဆိုတာ မသိဘူး။ (ရွှေဒူး) ရွာသားတော့ မဟုတ်ဘူး” ဟု ရွှေဒူးရွာသားတစ်ဦးက ပြောဆိုသည်။

အဆိုပါအမျိုးသမီးသည် ဝဲဘက်နဖူးစောင်း ပေါက်ပြဲဒဏ်ရာနှစ်ချက်နှင့် ဦးခေါင်း အလယ်တည့်တည့်တွင် ပေါက်ပြဲဒဏ်ရာတစ်ချက်တို့ ရရှိကာ သေဆုံးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၈နှစ်အရွယ်ဖြစ်ပြီး ရွှေပေးရွာသူဖြစ်ကာ ဆိုင်ကယ် တက္ကစီမောင်းသူဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

‌ရွှေဒူးကျေးရွာသည် မြိတ်-တနင်္သာရီကားလမ်းမပေါ်တွင် တည်ရှိသည်။ ရွှေဒူးနှင့် ရွှေပေးရွာတို့မှာ လေးမိုင်ခန့် ကွာဝေးသည်။

အဆိုပါအမျိုးသမီး သေဆုံးသည့်အကြောင်းအရင်းကို သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။