သုံးရက်ကြာ ထားဝယ်အရှေ့တောတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦးကျဆုံး

0
3214

ထားဝယ်အရှေ့တောဒေသတွင် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက် ဆက်တိုက်ဖြစ်ခဲ့သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ PDF ရဲဘော်(တပ်စိတ်မှူး)တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးခန့် ကျသည်ဟုဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်က ဝကုန်းရွာလယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၇ ရက်နေ့တွင် ဝကုန်းနှင့် သင်္ကန်းတုံးရွာကြားရှိ ဗဲ့မတပ်တောင်ကြောတွင် ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်မှုအရသိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် သင်္ကန်းတုံးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ (ခန့်မှန်း) မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လည်းထုတ်ပြန်မှုအရသိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဗဲ့မတပ်တောင်ကြောတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း(၁)- T1၊ ဥဩစစ်ကြောင်းထားဝယ်မြို့နယ်မှ တပ်စိတ်မှူး ရဲဘော် ကိုဘိုဘို ကျဆုံးခဲ့သည်ဟု ယင်းအဖွဲ့အသီးသီးက သတင်းထုတ်ပြန်ထားသည်။

ထားဝယ်အရှေ့တောဒေသတွင် လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားမှုများရှိနေပြီး အချိန်မရွေး တိုက်ပွဲများဆက်ဖြစ်နိုင်သည်ဟု ဒေသခံများကလည်းဆိုသည်။

ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁ နာရီခန့်က သင်္ကန်းတုံးရွာမှ နေအိမ်အချို့ မီးရှို့ခံရပြီး စစ်ကောင်စီတပ်စစ်ကြောင်းက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ရမ္မဇူရွာမှ မူကြိုအရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများကဆိုသည်။

အရှေ့တောဒေသရှိ ဒေသခံအများစုမှာ စစ်ဘေးရှောင်နေရပြီး ကျေးရွာအချို့မှ ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။