ပုလော ကဒဲရွာတွင် မီးရှို့ခံရသည့် လူနေအိမ် ၁၆၀ ကျော်အထိရှိလာ

0
2612

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် မီးရှို့ဖျက်ဆီးခံရသဖြင့် လူနေအိမ်ထက်ဝက်နီးပါး ပျက်စီးကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) နှင့် ဒေသခံအချို့ထံမှ သိရသည်။

ကဒဲရွာတွင် နေအိမ်လေးရာခန့်ရှိသည့်အနက် ၁၆၅ လုံး မီးရှို့ခံခဲ့ရကြောင်း တပ်ရင်း (၁) ၏ ပြန်ကြားရေးဌာနမှ သိရသည်။

ယင်းစာရင်းမှာ တပ်ရင်း (၁) က ယခုရက်ပိုင်းအတွင်း မြေပြင်သို့ ကွင်းဆင်းကောက်ယူထားသည့် စာရင်းဖြစ်သည်ဟု ဆိုသည်။

ကဒဲကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၅ ရက်ညတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် နေအိမ်များ မီးရှို့ခံရကာ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ရွာမှာက အိမ်အကောင်းတွေချည်းပဲ။ တိုက်တွေက ပိုများတယ်။ စစ်ကြောင်းဝင်လာချိန် ထွက်ပြေးရလို့ ဘယ်သူမှ ဘာလည်း မသယ်ခဲ့ရဘူး” ဟု ကဒဲဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မီးလောင်ဆုံးရှုံးသွားသည့် အထဲတွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအပါအဝင် လူနာတင်ယာဉ်နှင့် ဆိုင်ကယ် များလည်း ပါဝင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပျောက်ဆုံးနေသည့် ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးမှာလည်း အဆက်အသွယ် မရသေးကြောင်း ၎င်းတို့က ဆိုသည်။

ကဒဲကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်များက လွန်ခဲ့သည့်သုံးလခန့်မှစတင်ကာ ထိန်းချုပ်ထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်ကောင်စီတပ်က ဝင်ရောက်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်တွင် ပြည်သူ့ကာကာရေးတပ်ဘက်က ဖမ်းဆီးထားသူ ၁၃ ဦးလည်း လွတ်မြောက်သွားသည်။

လက်ရှိတွင် ကဒဲရွာနေပြည်သူအများစုမှာ နီးစပ်ရာ ရွာများ၊ မြို့များနှင့် တောတောင်များအတွင်း နေထိုင်နေကြရသည်ဟု ဒေသခံများက ဆိုသည်။