အသက်ကိုရင်း၍ ခရေပွင့်ကောက်ကြသူများ

0
2736

လူသူကင်းမဲ့နေသည့် ထားဝယ်မြို့အတွင်းလမ်းမပေါ်တွင် ကားတစ်စီးအရှိန်ပြင်းပြင်းဖြင့် ဒုန်းစိုင်းမောင်းနှင်နေသည်။

ကိုမျိုးသူ မောင်းလာသည့်ကားလေးပေါ်တွင် လူငယ် ၂ ဦး လိုက်ပါလာပြီး တစ်စုံတစ်ရာကို ကူနိုင်ရန်အတွက် အဆင်သင့်ပြင်ထားကြသည်။

“ခရေ ကောက်မယ်။ သုံး ငါး လုပ်ပါ” ယင်းမှာ လူနာသွားသယ်ရန် အဆင်သင့်ပြင်ခိုင်းခြင်းဖြစ်သည်။

စကားပြောစက်မှ ထွက်လာသည့် စကားဝှက်အသံ ကြားရသည့်အတွက် အရေးပေါ်လူနာ သယ်ဆောင်ပေးရန် ကိုမျိုးသူတို့ ထွက်ခွာလာခြင်းဖြစ်သည်။

အချိန်ကား ထားဝယ်မြို့လမ်းပေါ်၌ လူမဆိုထားနှင့် ခွေးတစ်ကောင် ကြောင်တမြီးပင် မထွက်ဝံ့သည့် ည ၁၁ နာရီဝန်းကျင်။

စစ်ကောင်စီက ည ၁၀ နာရီမှ နံနက် ၄ နာရီအထိကို ညမထွက်ရအမိန့်ထုတ်ထားသည့်အတွက် လမ်းမပေါ်တွင် လူသူမရှိ တိတ်ဆိတ်ခြောက်ကပ်နေသည်။

ယင်းအချိန်တွင် စစ်ကောင်စီတပ်က ကားများဖြင့်ကင်းလှည့်နေပြီး လမ်းပေါ်တွင်လူတွေ့ပါက ပစ်ခတ်ဖမ်းဆီးလေ့ ရှိသည်။

ထိုသို့အခင်းအကျင်းတွင် ကိုမျိုးသူတို့ ပရဟိတသမားတစ်စုမှာ ကြောက်စိတ်ကိုဘေးချိတ်ရင်း လူ့အသက်တစ်ချောင်း ကယ်တင်မည်ဆိုသည့် စိတ်ဇောတစ်ခုဖြင့် သွားလာနေခြင်းဖြစ်သည်။

“စိုးရိမ်စိတ်ရှိပေမယ့် လုပ်နေရတာက လူတစ်ယောက်ရဲ့ အသက်ကို မဆုံးရှုံးစေချင်လို့ ။ ကျွန်တော်တို့အလုပ်က လူတွေရဲ့ အသက်ကယ်တဲ့အလုပ်ဖြစ်နေတော့ လူတွေရဲ့ အသက်ရှင်ရေးအတွက်ပဲ စဉ်းစားပြီးတော့ သယ်ပေးနေတာပေါ့ဗျာ” ဟု ကိုမျိုးသူက ပြောသည်။

ထားဝယ်ဒေသနေသူများမှာ အရေးပေါ်ကျန်းမာရေးကိစ္စကြောင့် ညဘက်အချိန်တွင် ဆေးရုံတင်ရမည်ဆိုပါက စစ်ကောင်စီ၏ ညမထွက်ရအမိန့်ကြောင့် အိမ်စီးကား၊ သုံးဘီးဖြင့် မသွားရဲကြပေ။

ယခုနှစ် ဖေဖော်ဝါရီလဆန်းကပင် ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်နေ အမျိုးသားတစ်ဦး ည ၁၁ နာရီဝန်းကျင်တွင် မခံမရပ်နိုင်အောင် ဗိုက်အောင့်လာသဖြင့် ပုဂ္ဂလိက ဆေးရုံသွားပြရန် သုံးဘီး၊ ကား ငှားပေးရန် သူငယ်ချင်းဖြစ်သူ ကိုဇော်ဖေထံ အကူအညီတောင်းခံခဲ့သည်။

သို့ရာတွင် ညမထွက်ရသည့် အပုပ်ချိန်ရောက်နေပြီဖြစ်သည့်အတွက် လိုက်ပို့ရဲသူ မရှိခဲ့ပေ။

ကိုဇော်ဖေ၏ သူငယ်ချင်းမှာ မြန်မာပြည်အထက်ပိုင်းတွင်နေထိုင်သူဖြစ်ပြီး အလုပ်ကိစ္စဖြင့် ထားဝယ်မြို့သို့ ရောက်နေခြင်းဖြစ်သည်။

နောက်ဆုံးတွင် ဇမ္ဗူသီရိအရေးပေါ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ရကြောင်း ကိုဇော်ဖေက ပြောပြသည်။

“သူတို့(အရေးပေါ်လူနာတင်အဖွဲ့) တွေရှိနေတဲ့အတွက် တော်သေးတာပေါ့။ သူတို့တွေမရှိရင် ပြည်သူတွေအတွက် မလွယ်ဘူးပေါ့။ လက်ရှိအခြေအနေမှာ ဆိုရင်လေ” ဟု ၎င်းက ဆိုသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဝန်ထမ်းအများအပြား ပါဝင်ခဲ့ကြရာ တနင်္သာရီတိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်ခဲ့ကြသည်။

ကျန်းမာရေးဝန်ထမ်းအများစု CDM လုပ်ကြသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံအားလုံး၏ သုံးပုံတစ်ပုံ ပြန်မဖွင့်နိုင်သေးကြောင်း စစ်ကောင်စီ၏ တိုင်းကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ၂၀၂၁ ခုနှစ်က ပြောဆိုထားသည်။

ယခုလည်း ယင်းအခြေအနေအတိုင်းနီးပါးပင် ရှိနေသေးသည်။ ခရိုင်ဆေးရုံအချို့ ပြန်ဖွင့်နိုင်သော်လည်း မြို့နယ်နှင့် တိုက်နယ်ဆေးရုံအများစုမှာ ပြန်မဖွင့်နိုင်ဖြစ်နေသည်။

တနင်္သာရီတိုင်းအတွင်း ခရိုင်၊ မြို့နယ်နှင့်တိုက်နယ် ဆေးရုံစုစုပေါင်း ၄၀ ခန့်ရှိသည်။

လက်ရှိတွင် ပြန်ဖွင့်နိုင်သည့်ဆေးရုံများမှာလည်း ကုသရေးလုပ်ငန်းကို ရာနှုန်းပြည့်လည်ပတ်နိုင်ခြင်းမရှိသေးဘဲ လူနာကို အကန့်အသတ်ဖြင့်သာ လက်ခံနေရသည်။

ထားဝယ်မြို့နယ်တွင်လည်း ဆရာဝန်နှင့် သူနာပြုအပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ငါးရာကျော်ရှိသည်။ ယင်းကြောင့် ကျေးလက်ဒေသတွင် ကျန်းမာရေး ဆေးပေးခန်းအများစုပိတ်ထားသလို၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံအချို့လည်း ပိတ်ထားဆဲဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း မြို့နယ်လေးခုရှိပြီး ဒေသခံအများစုမှာ ထားဝယ်မြို့ရှိ ခရိုင်ဆေးရုံကြီးနှင့် ပုဂ္ဂလိက ဆေးရုံများကိုသာ အားကိုးနေရသည်။

ထိုကြောင့် ကျေးလက်ဒေသနေပြည်သူများမှာ ဆေးရုံသွားပြရန်အတွက် ထားဝယ်အခြေစိုက် အရေးပေါ် လူနာတင်ယာဉ်အဖွဲ့များကိုသာ အားကိုးနေရသည်။

ထားဝယ်မြို့တွင် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ ၄ ဖွဲ့ထက်မနည်းရှိသော်လည်း ဇမ္ဗူသီရိအဖွဲ့နှင့် ကြက်ခြေနီအဖွဲ့ကို မြို့ခံများက အများဆုံး အကူအညီတောင်းခံကြသည်။

စစ်တပ်အာဏာသိမ်းမှု စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အထိ ၂ နှစ်တာကာလအတွင်း အရေးပေါ်လူနာတင်ယာဉ်တစ်ဖွဲ့လျှင် လူနာဦးရေ တစ်ထောင်ဝန်းကျင်အထိ သယ်ဆောင်ပေးကြရကြောင်း စုံစမ်းသိရသည်။

လူနာတင်ယာဉ်များမှာ ပြည်သူလူထုအခက်အခဲ ပြေလည်စေရန် လုပ်ဆောင်နေရသော်လည်း လွယ်ကူသည့် အခြေအနေတွင် မရှိပေ။

မြို့ပေါ်သို့လူနာသွားပို့နိုင်ရန် စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များကို ဖြတ်သန်းကြရပြီး အခန့်မသင့်ပါက ဖမ်းဆီးစစ်ဆေး ခံကြရသည်။

ထားဝယ်မြို့သို့သွားရန် ဝင်ပေါက် ၄ ခုရှိပြီး နေ့ခင်းဘက် ဖြတ်သန်းရာတွင်ပင် အစစ်အဆေးကြမ်းသည်ဟု နာမည်ဆိုးထွက်နေသည်။

ယင်းစစ်ဆေးရေးဂိတ်များကို ညအချိန်ဖြတ်သန်းရသည်မှာ ပိုမိုခက်ခဲလှသည်။

ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်လာသည့် လက်ရှိအချိန်တွင် ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာတင်ယာဉ် အသင်းများမှာ မြို့ပြင်ပသို့ ညဘက်လူနာသွားသယ်ပေးသည့် အစီအစဉ်ကို ရပ်နားထားကြရသည်။

အဖွဲ့ဝင်များ၏ လုံခြုံရေးအခြေအနေနှင့် အခြားအကြောင်းအရာများကြောင့် ထိုသို့ရပ်နားထားကြောင်း လူနာတင်ယာဉ်အသင်းအဖွဲ့များက ဆိုသည်။

“အခုနောက်ပိုင်းကျတော့ အခြေအနေအရ တင်းမာမှုတွေများလာလို့ ညဘက်ဆို ထားဝယ်မြို့ထဲမှာလောက်ပဲ သယ်တယ်။ တံတား (မြို့ဝင်) တွေ အပြင်ဘက်ကိုတော့ မသွားတော့ဘူး” ဟု ကိုမျိုးသူက ပြောသည်။

အရေးပေါ်လူနာတင်ယာဉ်အသင်းအဖွဲ့များက ညဘက်လူနာပို့ဆောင်ချိန်တွင် စစ်ကောင်စီတပ်ထံ ကြိုတင် အကြောင်းကြားပြီးမှ ထွက်သယ်ရသည်။

ယင်းအခြေအနေများကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက အထင်အမြင်လွဲနိုင်သလို၊ စစ်ကောင်စီကလည်း အချိန်မရွေး အန္တရာယ်ပြုနိုင်သည်။

အကြောင်းအမျိုးမျိုးကြောင့် အထင်အမြင်လွဲမှားပြီး စစ်ကောင်စီ၏ ဖမ်းဆီမှုခံရမည့်အခြေအနေ၊ ဒေသခံကာကွယ်ရေး တပ်များ၏ ပစ်ခတ်ခံရမည့်အခြေအနေများကိုလည်း စိုးရိမ်နေရကြောင်း အခြားအရေးပေါ်လူနာတင်ယာဉ်အဖွဲ့တစ်ခုမှ ကိုနီတွတ်က ဆိုသည်။

၎င်းတို့သယ်ဆောင်ပေးမည့်လူနာမှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်နေပါက ဖမ်းဆီးခံရနိုင်ကြောင်း ဖွင့်ဟကြသည်။

“စိုးရိမ်စိတ်ရှိတယ်ဆိုပေမဲ့လည်း စိုးရိမ်စိတ်ရှိလျက်နဲ့ပဲ လူနာရဲ့အသက်ရှင်ရေးအတွက် ဦးစားပေးပြီးပဲ ဆက်ပြီးတော့ လုပ်ပေးနေတာပဲ” ဟု ကိုနီတွတ်က ပြောသည်။

စစ်အာဏာမသိမ်းမီက ထားဝယ်ခရိုင်အတွင်း မြို့နယ်လေးခုတွင် လူနာတင်ယာဉ်အသင်းအဖွဲ့ပေါင်း ၉၀ ကျော်ရှိပြီး လူနာတင်ကားအစီးရေ ၁၀၀ ကျော်ရှိခဲ့သည်။

လက်ရှိအချိန်တွင်မူ ညပိုင်းအရေးပေါ်လူနာသယ်ဆောင်ပေးသည့် လူနာတင်ယာဉ်အသင်းအဖွဲ့အရေအတွက်မှာ လက်ဆယ်ချောင်းပင်မပြည့်တော့ပေ။

ထိုအခင်းအကျင်းများကြောင့်ပင် ထားဝယ်မြို့နှင့် မိုင် ၂၀ ကျော်ဝေးသည့် ကျေးလက်ဒေသနေ ကိုမင်းအောင် တစ်ယောက် အရွယ်ကောင်းချိန်မှာပင် ကြွေလွင့်သွားခဲ့ရသည်။

အသက် သုံးဆယ်ကျော်အရွယ် ကိုမင်းအောင်၏ ဇာတိရွာလေးတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်ဆေးရုံတွင် ဆရာဝန်မရှိပေ။

မှောင်မဲမဲ ညသန်းခေါင်အချိန်တွင် မည်သည့်ရောဂါဖြစ်မှန်းမသိဘဲ မျက်ဖြူလန်နေသည့် ကိုမင်းအောင်ကို ထားဝယ်မြို့ပေါ်ရှိ ဆေးရုံသို့ပို့ရန် ဇနီးဖြစ်သူ ကားငှားနိုင်ရေး ကြိုးစားခဲ့သည်။

သို့ရာတွင်သူမ၏ ကြိုးပမ်းချက်မှာ အရာမမြောက်ခဲ့ပေ။ ဆေးရုံပို့ရန် မည်သည့်ကားပိုင်ရှင်ကမျှ မလိုက်ရဲသည့်အဆုံး မနက်စောစောရောက်မှသာ ဆေးရုံတင်ခွင့်ရခဲ့သည်။

ထားဝယ်ဆေးရုံကြီးသို့ရောက်ပြီး ညနေပိုင်းတွင်မူ ကိုမင်းအောင်၏ အသက်ကို မကယ်နိုင်တော့ဘဲ အရွယ်ငယ်ငယ်မှာပင် ဆုံးပါးသွားခဲ့သည်။

အရင်ကမူ ကိုမင်းအောင်နေသည့်ရွာတွင် ကိုယ်ထူကိုယ်ထ ထူထောင်ထားသည့် အရေးပေါ်လူနာတင်ယာဉ်အသင်း ရှိခဲ့သည်။

သို့ရာတွင် အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေနှင့် ရန်ပုံငွေအခက်အခဲများကြောင့် ရပ်နားထားကြသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သည်။

ထိုပရဟိတ အသင်းအဖွဲ့များမှာ ပြည်သူလူထုက ထည့်ဝင်လှူဒါန်းသည့်ငွေကြေးဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး ပါဝင်ကူညီနေသည့်လူငယ်များမှာ ပရဟိတအနေဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေအကျပ်အတည်းနှင့်အတူ စီးပွားရေးကျပ်တည်းမှုများကြောင့် ထိုအသင်းအဖွဲ့များ မှာ အလှူငွေလုံလုံလောက်လောက်မရတော့ဘဲ ရပ်နားလိုက်ကြရကြောင်း ယင်အသင်းများနှင့် နီးစပ်သူများက ပြောသည်။

လက်ရှိအကူအညီပေးနေသည့် အသင်းအဖွဲ့များမှာလည်း ရန်ပုံငွေပြတ်လပ်ပြီး ရပ်နားရမည့် ကပ်ဘေးဆိုက်နေကြောင်း ငြီးတွားကြသည်။

ထားဝယ်ဒေသခံများ ကျန်းမာရေးအတွက် အဓိကအားထားနေရသည့် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့၏ အရေးပေါ်လူနာတင်ယာဉ်အသင်းတို့မှာ ရန်ပုံငွေအခက်အခဲကြောင့် ပြီးခဲ့သည့်နှစ်က ယာယီရပ်နားခဲ့ကြသည်။

ထိုသို့ရပ်နားထားချိန်တွင် မြို့ခံများက အလှူငွေစုပေါင်းထည့်ဝင်ကြသည့်အတွက် လုပ်ငန်းပြန်စနိုင်သော်လည်း လုံလောက်သည့် အခြေအနေမရှိဟုဆိုကြသည်။

တစ်ဖက်တွင်လည်း အရေးပေါ်လူနာသယ်ဆောင်ပေးသည့် ပရဟိတ လူငယ်များ ရှားပါးလာသည့် အခက်အခဲကိုလည်း ရင်ဆိုင်နေကြရသည်။

နိုင်ငံရေးအခင်းအကျင်းကြောင့် တစ်စုံတစ်ခုဖြစ်လာမည့်အရေးကို မိဘအုပ်ထိန်းသူများက စိုးရိမ်ကြသည့်အတွက် ပရဟိတ လူငယ်များ နည်းပါးသွားခြင်းဖြစ်နိုင်ကြောင်း ကိုမျိုးသူက ဆိုသည်။

“အခုချိန်က စီးပွားရေးကျပ်တည်းတာလည်း ရှိတယ်။ နိုင်ငံရေးအခြေအနေကြောင့် ပရဟိတလုပ်ငန်းမှာဇောက်ချပြီး လုပ်ပေးဖို့ကလည်း ခပ်ရှားရှားဖြစ်လာတာပေါ့” ဟု ကိုမျိုးသူက ပြောသည်။

သို့သော် ရရှိသည့် ငွေကြေးအရင်းအမြစ်၊ လူအင်အားအရင်းအမြစ်များဖြင့်ပင် အရေးပေါ်လူနာ သယ်ဆောင်ပေးသည့် ပရဟိတအဖွဲ့များ ဆက်လက်ကြိုးစားရပ်တည်နေကြသည်။

လက်ရှိကြုံနေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်လည်း ကြိုးစားနေပြီး နည်းလမ်းရှာဖွေနိုင်မည်ဟုလည်း သူတို့က ယုံကြည်ကြသည်။

လူနာတင်ယာဉ်အသင်းအဖွဲ့တစ်ခုတွင် ပရဟိလုပ်နေသည့် ကိုမျိုးသူကမူ ဒေသခံပြည်သူများ၏ လူအား ငွေအား စောင်မမှုများဖြင့် အားတင်းကျော်ဖြတ်နေသည်ဟုဆိုသည်။

“အခုချိန်ထိတော့ လူးလဲလူးလဲနဲ့ပဲ ရပ်တည်ပြီး သွား (ဆက်လုပ်) နေတယ်။ နားလိုက်လို့ မရဘူးလေ” ဟု ကိုမျိုးသူက ဆိုလိုက်သည်။

(လုံခြုံရေး အခြေအနေအရ သတင်းအရင်းအမြစ် အမည်များကို ပြောင်းလဲ အသုံပြုထားပါသည်)