ကရင်လက်နက်ကိုင်နှစ်ဖွဲ့ အမြန်ဆုံးစေ့စပ်ဆွေးနွေးကြရန် ကရင်ပြည်သူများ ထပ်မံတောင်းဆို

0
3449

တနင်္သာရီတိုင်းအတွင်းရှိ ကရင်လက်နက်ကိုင်တပ်ဖွဲ့နှစ်ခု ထိပ်တိုက်ထပ်မဖြစ်စေရေးအတွက် အဓိကခေါင်းဆောင်များ စေ့စပ်ဆွေးနွေးရေး အမြန်ဆုံးလုပ်ကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူများက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် တောင်းဆိုလိုက်သည်။

ပြည်ပရောက် ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကလည်း တိုင်းအတွင်းနေ ကရင်ပြည်သူများ၏ တောင်းဆိုချက်ကို ထောက်ခံကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် (KTLA) တို့မှာ စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့်လကုန်ပိုင်းနှင့် ယခုလလယ်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ကရင်လက်နက်ကိုင်နှစ်ဖွဲ့ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တနင်္သာရီတိုင်းအတွင်းနေ ကရင်ပြည်သူများက မေတ္တာရပ်ခံတောင်းဆိုထားသည်။

ထိုသို့တောင်းဆိုပြီးနောက် နှစ်ဖက်ပစ်ခတ်မှုငြိမ်သက်သွားသော်လည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစကာ စစ်ရေး ပြန်လည်တင်းမာလာပြီး တိုက်ခိုက်ခဲ့ကြသည့်အတွက် စိုးရိမ်ဝမ်းနည်းရကြောင်း တနင်္သာရီတိုင်းအတွင်းနေ ကရင်ပြည်သူများကိုယ်စား ပြောရေးဆိုခွင့်ရှိသူ နော်ဝါးဝါးက ဆိုသည်။

“ကရင့်လက်နက်ကိုင်နှစ်ဖွဲ့က တိုက်လာပြီဆိုလို့ရှိရင် ကရင်ပြည်သူတွေအတွက် မကောင်းဘူးပေါ့နော်။ ဘုံရန်သူ တိုက်ခိုက်ရမယ့်အစား ကရင်အချင်းချင်းတိုက်ခိုက်တဲ့အတွက် နှစ်ဘက်စလုံးက ထိခိုက်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ တင်းမာနေသည့်အခြေအနေကို ကရင်လက်နက်ကိုင်နှစ်ဖွဲ့၏ ခေါင်းဆောင်များကိုယ်တိုင် အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာရန်လည်း တိုင်းအတွင်းနေ ကရင်ပြည်သူများက တိုက်တွန်းထားသည်။

“လက်နက်အားဖြင့် အကြမ်းဖက်နှိမ်နင်းတဲ့ဟာကတော့ ကောင်းတဲ့ရလဒ်ရမှာ မဟုတ်ဘူးပေါ့နော်။ အဲဒီလိုမျိုးမြင်တဲ့ အတွက် ဒါကို အမြန်ဆုံးနှစ်ဦးနှစ်ဘက် အဆင်ပြေနိုင်တဲ့နည်း၊ နှစ်ဦးနှစ်ဘက် ယုံကြည်ရတဲ့ပုဂ္ဂိုလ်၊ နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ အခြေအနေအပေါ်မှာ အမြန်ဆုံးညှိနှိုင်းပြီးတော့မှ တွေ့ဆုံဆွေးနွေးဖို့ အလေးအနက်တိုက်တွန်းတယ်” ဟု နော်ဝါးဝါးက ပြောဆိုသည်။

ယင်းအပြင် ရန်လိုပြီးနိုင်ထက်စီးနင်းစိတ်ဖြင့် ကရင်ပြည်သူများနှင့် မြန်မာနိုင်ငံသားများ၏အကျိုးကို လစ်လျူရှုပြီး ပုဂ္ဂလိကနှင့် အဖွဲ့ငယ်များ၏အကျိုးစီးပွားကိုသာကြည့်သည့် ခေါင်းဆောင်များကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဖော်ပြသည်။

ထို့အပြင် ယခုနှစ်ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်တာဝန်ယူခဲ့သည့် KNU တပ်မဟာ ၄ ၏ တပ်မဟာမှူးကိုလည်း ကရင်ပြည်သူများက တိုက်တွန်းထားသည်။

တပ်မဟာမှူးအသစ် ဗိုလ်မှူးချုပ်စောလေးမူး အနေဖြင့် ပြန်လည်စေ့စပ်နိုင်မည့် နည်းလမ်းကို အမြန်ဆုံးရှာဖွေပြီး ထိပ်တိုက်တွေ့မှုများ ထပ်မဖြစ်စေရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်း ထားခြင်းဖြစ်သည်။