ထိုင်းသို့ လာသည် နိုင်ငံခြားသားများကို ဘတ် ၃၀၀ အခွန်ကောက်မည်

0
2600

ထိုင်းနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာခရီးသွားများထံမှ ဝင်ကြေးအဖြစ် ဘတ် ၃၀၀ ကို လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရ ကြေညာသည်။

နိုင်ငံတကာလေကြောင်းလိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြမည့်ခရီးသွားများထံတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ နှင့်ညီမျှသော ဘတ် ၃၀၀ ကို စတင်ကောက်ခံရန် အမျိုးသားခရီးသွားလုပ်ငန်း မူဝါဒကော်မတီ၏ အဆိုပြုချက်ကို ထိုင်းအစိုးရက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် ရေလမ်း သို့မဟုတ် ကုန်းလမ်းဖြင့် ဝင်ရောက်လာမည်ဆိုပါက တစ်ဦးလျှင် ဘတ် ၁၅၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ခရီးသွားဝန်ကြီးက ပြောသည်။

ကောက်ခံရရှိသော အခွန်ငွေများကို ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် အသုံးပြုသွားမည်ဖြစ်ပြီး အခွန်ငွေတစ်စိတ်တစ်ပိုင်းကို ခရီးသွားများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဉ် ကျန်းမာရေးနှင့် အာမခံကိစ္စရပ်များအတွက် ထောက်ပံ့ပေးရန် သုံးစွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သံတမန်ရေးရာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများ၊ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် transit ခရီးသည်များ အဆိုပါအခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းအစိုးအရအနေဖြင့် ယခုနှစ်တွင် အခွန်ငွေ ဘတ် ၃ ဒသမ ၉ ဘီလီယံအထိ ကောက်ခံနိုင်မည်ဟုလည်း မျှော်လင့်ထားကြောင်း ခရီးသွားဝန်ကြီးက ပြောကြားသည်။

ထိုင်းနိုင်ငံ ခရီးသွားကဏ္ဍသည် ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ပြန်လည်ဦးမော့လာနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ခရီးသွား ဝင်ရောက်မှုသည် ၄၃၀၀၀၀ ခန့်သာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ခရီးသွား ၁၁ သန်းကျော် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

ယခုနှစ်တွင်မူ ထိုင်းနိုင်ငံသို့ နိုင်ငံတကာခရီးသွား သန်း ၃၀ ကျော် ဝင်ရောက်လာမည်ဟု ယုံကြည်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ယခုလအစောပိုင်းတွင် ပြောကြားထားသည်။

Ref: CNA, Bloomberg