မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်

0
2618

ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါး ပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းအချိန်တွင် စတင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးနောက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် ၁ တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ၁ လကျော်အကြာတွင် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဖွင့်လှစ်ခဲ့သည့် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတားကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြတ်သန်းသွားလာနိုင်ပြီး ယခင်ကိုဗစ်ကာလမတိုင်မီ ဖွင့်လှစ်ခဲ့သော ည ၉ နာရီအထိဖွင့်လှစ်နိုင်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ဆေးထိုးနှံထားသော လက်မှတ်မိတ္တူနှင့်အတူ နိုင်ငံသားမှတ်ပုံတင်ဖြင့် နယ်စပ်ဂိတ်တွင် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ကာ ဝင်ထွက်သွားလာနိုင်ကြောင်း သိရသည်။

တံတားပိတ်ထားခဲ့မှုကြောင့် ယခင်က စီးပွားရေးအဆင်မပြေဖြစ်နေခဲ့သော နယ်စပ်ရှိ ခရီးသွားလုပ်ငန်းများ၊ ဆိုင်ရောင်းချနေသူများအနေဖြင့် ယခုတံတားပြန်လည်ဖွင့်လှစ်လိုက်သဖြင့် ဝင်ငွေ ပိုမိုကောင်းမွန်လာမည်ဟု ဒေသခံများက မျှော်လင့်ထားကြကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

မယ်ဆိုင်-တာချီလိတ် အမှတ် ၁ ချစ်ကြည်ရေး တံတားကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် မတ်လတွင် ပိတ်ထားခဲ့ပြီး အမှတ် ၂ တံတားကိုမူ ကုန်ပစ္စည်းများ ကုန်သွယ်ရန်အတွက် ဖွင့်လှစ်ပေးထားခဲ့ကြောင်း သိရသည်။