ကော့သောင်းတွင် ကျေးရွာသုံးရွာကို ထိန်းချုပ်ထားပြီဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကြေညာ

0
4294
ပုံစာ - ထိုင်း-မြန်မာနယ်စပ်ရှိ ဝိုင်ဒင်းရွာအား ကာကွယ်ရေးတပ်များ စိုးမိုးထားစဥ်

ကော့သောင်းခရိုင်အတွင်းရှိ ကျေးရွာသုံးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိန်းချုပ်စိုးမိုးထားပြီ ဖြစ်ကြောင်း ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) တပ်ရင်းက ယနေ့ ကြေညာသည်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ရှိ ဝိုင်ဒင်း၊ အေးမြမင်္ဂလာနှင့် တပ်ဦးမြိုင်သာယာကျေးရွာတို့ကို ကော့သောင်းတပ်ရင်း (၁) ၊ KNU နှင့် ကော်သူးလေတပ်မတော်ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ယင်းကျေးရွာတို့အား မည်သည့်အချိန်က စတင်ထိန်းချုပ်ထားသည်ကိုမူ ထည့်သွင်းရေးသားထားခြင်း မရှိပေ။

ယင်းကျေးရွာများတွင် မိဘပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။

ထိန်းချုပ်လိုက်သည့် အဆိုပါကျေးရွာသုံးရွာသည် ထိုင်း-မြန်မာနယ်စပ်တွင်ရှိပြီး ရှမ်းကိုးရွာအထက်ဖက် ရွာဟွေ့လူရွာနှင့် နမ်မတွန်ကျေးရွာအနီးတွင်ရှိသည့် ကျေးရွာများဖြစ်ကြသည်။

“နမ်မတွန်ဖက်မှာ အရင်က စစ်တပ်စခန်းငယ်တစ်ခု ရှိတယ်။ အခုတော့ ရှိမရှိ မသိရတော့ဘူး” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါရွာသားများသည် ရော်ဘာနှင့် ကော်ဖီခြံကို အဓိကစိုက်ပျိုးကြပြီး ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချလေ့ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။