အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
3899

Princes in The Darkness 1990s

အခန်း(၁၈)

ကမ္ဘာအေးဘုရားလမ်းကဖြတ်သွားတိုင်း ထိုခြံကျယ်ကြီးကို ဗေဒါ သတိထားမိနေသည်မှာ ကြာပြီ။

ခြံစည်းရိုးအမြင့်ကြီးများကာရံထားပြီး နောက်ဆုံးပေါ်ကားအချို့ ဝင်ထွက်နေသည်ကိုလည်း တွေ့ခဲ့ဖူးသည်။

အဝင်အဝရှိ လုံခြုံရေးဂိတ်တဲတွင် ဗေဒါက ဖိတ်စာကို ပြလိုက်၏။

ရှောရှာရှူရှူပင် ဝင်ခွင့်ပေးလိုက်သည်။

အလှူပြီးဆုံးချိန်လောက်မှ တမင်တကာ ရောက်လာသည်မို့ ခြံဝန်းထဲတွင် ကားများပင် သိပ်မရှိတော့။

ဝန်ကြီး၏ သားဖြစ်သူ ရေတပ်အရာရှိကြီး နှင့် သူ့တပည့်များ ကို ဗေဒါက အရင်သွားနှုတ်ဆက်လိုက်၏။

ဗေဒါက လောမိသားစု၏ ကုမ္ပဏီနာမည်ကိုပြောပြလိုက်သည့်အခါ သူတို့က ဖော်ဖော်ရွေရွေပင် ဆက်ဆံကြသည်။

အိမ်ထဲသို့ရောက်သောအခါ ဝန်ကြီးအား ဂါရဝပြုလိုကြောင်းခွင့်တောင်းလိုက်သဖြင့် အရှေ့ဆုံးဝိုင်းတွင် ဧည့်သည်များကို ဧည့်ခံနေသော ဝန်ကြီးကို သူ၏ ကိုယ်ရေးအရာရှိက ကပ်ပြောလိုက်၏။

ဝန်ကြီးက ဗေဒါကို တချက်လှမ်းကြည့်လိုက်သည်ကို ဗေဒါ သတိထားမိသည်။

“အနောက်က ဧည့်ဆောင်ထဲမှာ ခဏစောင့်နေပေးပါ”

ဝန်ကြီး၏ ကိုယ်ရေးအရာရှိက ဗေဒါကို အိမ်ကြီး၏ အနောက်ဘက် ခြံဝန်းအတွင်းမှ အဆောင်လေးသို့ ခေါ်သွားသည်။

ထိုနေရာသည် ဝန်ကြီး စိတ်အေးသက်သာအနားယူသည့်နေရာမှန်း ဗေဒါ ခန့်မှန်းမိ၏။

နာရီဝက်ခန့်ကြာသောအခါ ဝန်ကြီးနှင့် သူ၏ ကိုယ်ရေးအရာရှိ တို့ ရောက်ရှိလာသည်။

“မင်း..နာမည်က”

“ဗေဒါပါ..ခင်ဗျ”

ဗေဒါက သူ့ကိုယ်သူမိတ်ဆက်ရင်း လက်ထဲမှ ကားသော့ကို ဝန်ကြီး၏ ရှေ့သို့ လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။

“အဘရဲ့အလှူပွဲအတွက် ကုမ္ပဏီက ပေးတဲ့ ဂါရဝလက်ဆောင်ပါ”

ဝန်ကြီးက ကားသော့ကို ကိုယ်ရေးအရာရှိထံ ပေးလိုက်သည်။ ကိုယ်ရေးအရာရှိက ထွက်ခွာသွား၏။

“မင်းတို့..ဥက္ကဌကြီးရော..နေကောင်းရဲ့လား..နောက်..ကိုချူးတို့ရော”

“ဟုတ်ကဲ့ခင်ဗျ..သူတို့ကလည်း ဝန်ကြီးကို ကိုယ်တိုင်ဂါရဝပြုချင်နေတာပါ..ဒါပေမယ့်…အပါကြီးက ဆေးစစ်ဖို့.ထိုင်ဝမ်ကို သူတို့နှစ်ယောက်လုံး ရောက်နေကြတော့..ကိုယ်တိုင် မလာနိုင်ကြတာပါ”

ခဏအကြာ ဝန်ကြီး၏ ကိုယ်ရေးအရာရှိပြန်ရောက်လာသည်။

ဝန်ကြီးကို ခပ်တိုးတိုးဖြင့် အစီရင်ခံ၏။ ဝန်ကြီး၏ မျက်လုံးများက သိသိသာသာ ဝင်းလက်သွားသည်။

“ကဲ..ဗေဒါ…မင်းတို့ဥက္ကဌကို ပြောလိုက်ပါ…ဂါရဝလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်လို့”

“ဟုတ်ကဲ့….နောက် ဥက္ကဌက ပြောလိုက်ပါသေးတယ်…ဒီခြံတဝန်းလုံးစာအတွက် ကျောက်စိမ်းပကာသားတွေ ခင်းဖို့ လက်ဆောင်အဖြစ် ပေးချင်ပါတယ်တဲ့”

ဝန်ကြီးက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်၏။

“ကောင်လေး..မင်းစကားပြောတဲ့ ပုံစံက ငါ့အသိတစ်ယောက်နဲ့ အတော်တော်တူတယ်… မင်း တောင်သာဇာတိလား”

“ဟုတ်ကဲ့…ကျွန်တော့်အဖေက…လဝကညွှန်မှူးကြီး ဉီးရွှေမောင်ပါ”

“ဟေ..ဝဲလောင်သား ကိုရွှေမောင်လား”

“ဟုတ်ပါတယ်”

“ဒါဆို..မင်းအမေက ရီရီစိုးပေါ့”

“ဟုတ်”

“ဟား..မင်းအဖေနဲ့ငါနဲ့က မန္တလေးတက္ကသိုလ်မှာအတူတူကွ…ငါ မန္တလေးတက္ကသိုလ်ရောက်တော့…သူပဲ အကုန်ကူညီပေးခဲ့တာ..ငါကျောင်းဆရာလုပ်တော့လည်း မင်းအမေ နဲ့ အတူတူ တစ်ကျောင်းတည်း..ဒါကြောင့် မင်းမျက်နှာပေါက်ကို ငါက ရင်းရင်းနှီးနှီးသိနေသလိုလိုရှိနေပါတယ်လို့..ဪ.. ‌ရွှေမောင် နဲ့ ရီရီစိုး သားကို….မင်းမိဘတွေရော..အခု ဘယ်မှာလဲကွ”

“ဆုံးသွားကြပါပြီ”

“ဪ..ကြာပြီလား”

“ဟုတ်..ကြာပါပြီ”

“အေးကွာ..စိတ်မကောင်းလိုက်တာ.ဘာပဲဖြစ်ဖြစ် ကိုရွှေမောင်သား ဆိုတော့လည်း..ငါတို့ အမျိုးတွေလိုပဲပေါ့ကွာ…မင်းနာမည်..ဘယ်သူ”

“ဗေဒါပါ..အဘ”

“အေး…ဗေဒါ..ဗေဒါ…ရော့…ဒါ ငါ့ကိုင်တဲ့ ဖုန်းနံပါတ်..လိုတာရှိ အချိန်မရွေးဆက်ကွာ”

“ဟုတ်ကဲ့…ဒါကလည်း ကျွန်တော့်ဖုန်းနံပါတ်ပါ..အဘ လိုအပ်တာရှိရင်..ခိုင်းစရာရှိရင်..ကျွန်တော်ရှိနေပါတယ်..အခုတော့ ကျွန်တော့်ကို ခွင့်ပြုပါဉီး”

“အေး..အေး..နောက်လည်း အလုပ်ကိစ္စမရှိပေမယ့်..ငါ့အိမ်ကို ဝင်ထွက်ကွာ..ဗေဒါ…ကိုယ်နယ်သားအချင်းချင်းပဲ…စည်းစည်းလုံးလုံးရှိရမှာပေါ့”

ဝန်ကြီးက ဗေဒါ၏ ပုခုံးကို ဖက်ကာ ရင်းရင်းနှီးနှီး။

ဗေဒါ အဖို့ ပထမဆုံးခြေလှမ်းတွင်ပင်…သူ့နယ်မြေထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

……………………………….

ဗေဒါက ဝန်ကြီးနှင့်တွေ့ဆုံခဲ့ရသည့်အခြေအနေကို မစ္စတာလု ထံ အသေးစိတ်အစီရင်ခံလိုက်၏။

မစ္စတာလုက ဗေဒါအား လောလောဆယ်တွင် မည်သည့်အလုပ်တာဝန်မျှ မပေးထားပဲ၊ ဝန်ကြီးနှင့် ထို့ထက်ပိုသည်ရင်းနှီးပတ်သက်မှုများရရှိအောင် လုပ်ထားရန် နှင့် မည်သည့်ကိစ္စမဆို သူတို့ဘက်မှ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သာ ပြောဆိုသည်။

မစ္စတာလု၏ အော်ပရေးရှင်းကြီးတစ်ခုလုံးကို ဗေဒါ မသိ‌သော်လည်း ဗေဒါ ၏ တာဝန်မှာ ဝန်ကြီးနှင့် ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံရေးဖြစ်လာခြင်းပင်။

ထိုကိစ္စပြီးလျှင် ဂျာနူး နှင့် ဗေဒါကို စင်ကာပူသို့ စေလွှတ်မည်ဆိုသဖြင့် ဗေဒါကလည်း စိတ်အားထက်သန်နေသည်။

မေယုကြေးမုံကလည်း ဧရာ၏ တိုက်ခန်းမှ ပြန်လာပြီးကတည်းက ဗေဒါကို အဆက်အသွယ်မလုပ်။

ဗေဒါကလည်း ဝန်ကြီးနှင့် နီးစပ်ရေးအတွက်သာ အားထုတ်နေရသဖြင့် မအား။

ဝန်ကြီး၏ တခြံလုံးကို ကျောက်စိမ်းပကာသားများ ခင်းပေးရသည့်အချိန်တွင် ဗေဒါနှင့် ဝန်ကြီး၏ ဆက်ဆံရေးက ပိုမို ရင်းနှီးလာခဲ့သည်။

ဗေဒါ့မိဘများအကြောင်း၊ အမများအကြောင်းလည်းမေးမြန်း၏။ ဗေဒါ၏ ဘဝကို သိရသည့်အခါ စိတ်မကောင်းအတော်ဖြစ်သွာပုံပေါ်သည်။ ဗေဒါကလည်း တမင်တကာ ဇာတ်နာအောင် သာသာထိုးထိုးပြောရသည်ပေါ့။

ဝန်ကြီးက သူ့သားများထက်ပင် အသက်ငယ်သေးသော ဗေဒါကို ခေတ်လူငယ်တစ်ယောက်အနေဖြင့် အတော်လေး အထင်ကြီးထားသည်။

ဝန်ကြီး အလုပ်ပင်ပန်းသဖြင့် စိတ်အေးလက်အေးအနားယူသည့်အခါတိုင်း တယောက်တည်း ဝီစကီသောက်လေ့ရှိသည်။

ထိုအချိန်တိုင်း အပျင်းပြေစကားပြောချင်လို့ဟု ဆိုကာ ဗေဒါ အား ဖုန်းဆက်ခေါ်တတ်၏။

ထို့နောက် ဗေဒါ ကြုံခဲ့ရဖူးသည့် ထောင်တွင်းကိစ္စများ၊ ရန်ကုန်မြို့၏ ညဘက်စျေးကွက်များအကြောင်း၊ ဗေဒါသိသမျှ မော်ဒယ်များ၊ ရုပ်ရှင်လောကအရှုပ်များအကြောင်းမေးမြန်းတတ်သည်။

တစ်ရက်တွင် ဝန်ကြီးက ရန်ကုန်မြို့တော်စည်ပင်၏ ဉတိုစိုက်ခင်းအပန်းဖြေစခန်းတွင် ဂေါက်သွားရိုက်ရင်း ဗေဒါအား လှမ်းခေါ်၏။

ညနေပိုင်းတွင် ဗေဒါရောက်ရှိသွားသည်။

ဝန်ကြီးက သူ့အတွက် ပေးထားသော ဘန်ဂလိုလေးရှေ့တွင် Louis XIII ကော့ညက်တစ်လုံးဖြင့် တစ်ပွေတည်း။

ဗေဒါက သူ့လက်ထဲတွင်ပါလာသော အနီရောင်ပိတ်စဖြင့်ထုတ်ထားသည့် ပုလင်းလေးကို ရှေ့တိုးပေးလိုက်၏။

“အဘ…ဒါ တရုတ်ရိုးရာတိုင်းရင်းအားဆေးပါ…ကပ်သမျှင်ငါးရဲ့ ငါးဆီဖောင်းနဲ့ လုပ်ထားတာ..ကျွန်တော်တို့ ဥက္ကဌထိုင်ဝမ်က အပြန်..ရှားရှားပါးပါး ရလာလို့…အဘအတွက် ကျွန်တော်ယူလာပေးတာ”

“အားဆေး..ဟုတ်လား..ဘာအားတွေ ကောင်းတာတုန်းကွ..ဗေဒါရ”

ဗေဒါက လက်ညှိးလေးကို ခပ်မတ်မတ်လုပ်ပြလိုက်၏။

ဝန်ကြီးက သဘောတကျဖြင့်ရယ်သည်။

“ခက်တာကကွာ..အားတွေရှိလာတော့ရော…အားတွေက အလကားဖြစ်နေမှာ..မောင်ဗေဒါရ..”

ဝန်ကြီးနှင့် ခင်မင်ခဲ့သည်မှာ တလပင် မပြည်သေး။ ဗေဒါ က သူ့အကြိုက်ကို တဖြည်းဖြည်းရိပ်မိလာပြီဖြစ်သည်။

ထို့အတွက်လည်း မစ္စတာလုနှင့် အသေးစိတ်စီစဉ်လာခဲ့ပြီးသား။

ဗေဒါက ပန်းရောင်အယ်ဘမ်အသေးလေးတစ်ခုကို ဝန်ကြီးရှေ့သို့ ချပေးလိုက်၏။

“ဒါက ဘာလဲကွ”

“အဘ..ဟိုနေ့က စကားစပ်မိလို့ ပြောတယ်လေ…ဟိုလောကထဲမှာ မော်ဒယ်တွေရော ရတာလားဆိုတာ…ရပါ့..အဘရေ..ဒီအယ်ဘမ်ထဲက ဟာလေးတွေပေါ့”

“ဟာ..ဒီကောင်..လူကြီးကိုကွာ…မင်းကို ငါက နောက်ပြီးပြောတာကွ..တကယ်ဒါမျိုးတွေ ယူချလာစရာလား..ဒီကောင်တော့ကွာ…ဟားဟား”

ဘိုးတော်ပျော်ပြီ။ ဗေဒါ ဆီသို့ အရက်ပုလင်းကို တွန်းပို့ပေးသည်။ အသင့်ရှိနေသော ခွက်အလွတ်ထဲသို့ ဗေဒါက ရေခဲနှင့် ကော့ညက်ကို ရောစပ်ထည့်လိုက်၏။

“ချ..ငါ့ကောင်..မင်းကတော့ ..တကယ့်ကောင်ပဲ”

သို့သော်..အယ်ဘမ်ကိုမူ လုံးဝ တို့ထိမကြည့်။

တခြားအကြောင်းအရာများသာ လျှောက်ပြောနေသည်။ ဗေဒါကလည်း အလိုက်သင့်ပင်။

ညကိုးနာရီခန့်ရှိသောအခါ ပုလင်းလည်း တဝက်ကျိုးခဲ့ပြီ။

“မနက်..အဘိုးကြီး က သူ့မြေးနဲ့အတူ ဒီကိုလာမှာ…စောစောထရဉီးမယ်ကွာ”

ဗေဒါ ပြန်ချိန်တန်ပြီမှန်းသိလိုက်၏။

ဗေဒါက ဝန်ကြီးက နှုတ်ဆက်ကာ ထပြန်ရန် ပြင်လိုက်သည်။

အယ်ဘမ်ကို မူ တမင် မေ့ချင်ယောင်ဆောင်ခဲ့လိုက်၏။

ဗေဒါက ကားကို စက်နှိုးနေစဉ် ဖုန်းဝင်လာသည်။

ဝန်ကြီးထံမှ။

“ဗေဒါ…မင်းက အယ်ဘမ်ကြီး ငါ့လာပေးတာတော့ ဟုတ်ပါပြီကွာ…နေရာကရော”

ဗေဒါ ပြုံးလိုက်သည်။

“အဲ့ဒီအတွက်လည်း စိတ်မပူပါနဲ့..အဘ..ရေမီးစုံလေထီးခုန်ပါပဲ”

“အေးပါ..အေးပါ…မင်းတို့ လူငယ်တွေပဲ…အားကိုးရမှာ..ဟားဟား”

ပြီးပြီ။

မကြာခင်..ဝန်ကြီး အတွက် အဝေးကွင်းဖွင့်ပွဲကို..ဗေဒါ စီစဉ်ပေးရတော့မည်။

……………………………….

ဝန်ကြီးဘိုးတော်က ခေသူမဟုတ်။

သူ့အဝေးကွင်းဖွင့်ပွဲတွင် အတူတူကစားမည့်ပြိုင်ဘက်က တစ်ယောက်တည်းမဟုတ်။

ဗေဒါပေးခဲ့သည့် အယ်ဘမ်ထဲမှ မော်ဒယ်မလေး သုံးယောက်။

သူတစ်ယောက်တည်းကစားမည်မဟုတ်။ သူ့ ငယ်သူငယ်ချင်း ဘိုးတော်တစ်ပွေပါ ပါသေးသည်။

ဗေဒါက သူတို့နှစ်ယောက်အတွက် အင်းယားလမ်းရှိ ဆိုင်တစ်ဆိုင်တွင် အားရှိစေမည့် ဆေးစိမ်အရက်များ၊ အမြည်းများ စီစဉ်ထားပေးရသည်။

ထိုမှတဆင့် ဗေဒါ အဆင့်သင့်စီစဉ်ပေးထားသော သုဝဏ္ဏဗိုလ်ချုပ်ရွာမှ ခြံသို့ သူတို့အား လိုက်ပို့ရ၏။

ခြံထဲမှ နှစ်ထပ်တိုက်တွင်တော့ ကြေးစားပြည့်တန်ဆာတပိုင်း မော်ဒယ်မလေးသုံးယောက်က အဆင့်သင့်။

“ငါ့ဘဝက.. ဖာဂေါင်းပါ လုပ်နေရပါလား”

ဝန်ကြီးနှင့်သူ့ဘော်ဒါအား သုဝဏ္ဏဗိုလ်ချုပ်ရွာရှိ ခြံထဲသို့ ပို့ပြီး အပြန်တွင် ဗေဒါ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိလိုက်သည့်အတွေး။

ထို့နောက်ပိုင်းတွင်တော့…ဝန်ကြီး နှင့် ဗေဒါတို့ တတွဲတွဲဖြစ်လာကြသည်။

ထုံးစံအတိုင်း..ဟိုကိစ္စ၊ ဒီကိစ္စ မှန်သမျှလည်း..ဒီက ဝန်ကြီးသီးသန့် ဖာဂေါင်းကလေး မောင်ဗေဒါပဲ ရှာဖွေပေးပေါ့။

……………………………….

“ကိုဗေဒါ..ကျွန်မ ရီတာပါ”

“ဟုတ်ကဲ့..မရီတာ”

“ရှင်..မြန်မြန်လာခဲ့မှ ရမယ်”

“ဘာဖြစ်လို့လဲဗျ”

“ဒီမှာ မေယုကြေးမုံ”

“ဟမ်..မေယုကြေးမုံ..ဘာဖြစ်လို့လဲ”

“မဟုတ်ဘူး…အခု ကျွန်မတို့ ဧရာ ဆိုတဲ့လူရဲ့ အခန်းမှာရောက်နေတယ်…ဟို..အဲ့ဒီလူ..ပါးစပ်မှာလည်း အမြုပ်တွေထွက်လို့..သတိမကပ်တော့ဘူး”

“ဟာ…ဒါအိုဗာဒို့စ်ပဲ…မေယုကြေးမုံကို ဖုန်းပေးလိုက်ပါ..အမ”

“ဟဲလို…ကယ်ပါဉီး…ဒီမှာ ဘယ်လိုဖြစ်လဲမသိဘူး..သေတော့မယ်ထင်တယ်”

“စိတ်ကို အေးအေးထား‌ မေယု…ငါ အခုပဲ လာခဲ့မယ်….သူ့ ပါးကိုသာ နာနာရိုက်ပေးထား…သတိမလစ်စေနဲ့…ဖုန်းကို ကိုင်ထားနော်”

ဗေဒါက ဖုန်းကို ဖွင့်ထားလျက်…အောက်ထပ်ရှိ သူ့ကားရှိရာသို့ ကမန်းကတန်းပြေးဆင်းလိုက်သည်။

ကားစက်နှိုးပြီးနောက် တစုံတရာကို သတိရသွား၏။

“မေယု..မေယု”

“ဟုတ်ကဲ့..ဘဲကြီး..မေယုရှိတယ်”

“ဆား..ဆားရှိရင် ရေနဲ့ဖျော်ပြီး ပါးစပ်ထဲ ရအောင်လောင်းထည့်ထား..”

ဗေဒါက စကားပြောရင်း ကားကို အမြန်မောင်းသည်။

ပန်းဆိုးတန်းရှိ ဧရာ၏ အခန်းရှေ့သို့ ရောက်သည်နှင့် အမြန်ပြေးတက်သွား၏။

တံခါးက ဟထားသည်။

အခန်းတစ်ခုလုံး အန်ဖတ်များနှင့်။

ရီတာကတော့ ဝရံတာတွင် ထွက်ကာ မျက်နှာလွှဲနေ၏။

မေယုကြေးမုံ၏ ပေါင်ပေါ်တွင် ဧရာက ခေါင်းတင်ကာ အသက်ကို ခပ်ပြင်းပြင်းရှူနေသည်။

“အဆင်ပြေရဲ့လား..ညီမ”

“ဆားတွေဖျော်တိုက်လိုက်တော့…သူ ပြန်အန်ထွက်လာပြီး..သတိလည်လာတာပဲ”

ဗေဒါက ဧရာ၏ ပါးကို သူ့လက်နှစ်ဖက်ဖြင့် တဖြောင်းဖြောင်းရိုက်လိုက်သည်။

“ဟေ့ကောင်…မင်း..ဆေးရုံသွားမှရမယ်..မင်းဆေးဖြတ်မှရမယ်..ဟေ့ကောင်…ငါပြောတာ..ကြားလား”

“ဟုတ်..ဟုတ်ကဲ့..အကို”

“ကဲ…ညောင်ပင်လေးဈေးအပေါ်ထပ်မှာ ငါ့အသိ ဆေးဖြတ်ပေးတဲ့ ဆေးခန်းရှိတယ်..အဲ့ဒီကို တခါတည်း ခေါ်သွားစို့…မင်းလမ်းလျှောက်လို့ရလား”

“ဟုတ်….ရ…ရပါတယ်”

ဗေဒါနှင့် မေယုကြေးမုံက ဧရာကို တစ်ဖက်ဆီမှ တွဲလိုက်သည်။

“မရီတာ..တံခါးပိတ်ပေးခဲ့ပါဗျာ”

ဧရာကို ဗေဒါ၏ ကားပေါ်သို့ပင် တင်လိုက်ကြသည်။

“မရီတာ…ပြန်ချင်ပြန်ပါလား…ကျွန်တော် သူ့ကို ဆေးရုံပို့ပြီးတာနဲ့…မေယုကို လိုက်ပို့ပေးလိုက်ပါ့မယ်”

“အိုကေလေ…ယူတို အဆင်ပြေတယ်ဆို…ပြန်မယ်”

ဘယ်ကတည်းက စိတ်ညစ်နေသည်မသိ။ ရီတာက ကားပေါ် တက်ကာ ပြန်မောင်းချသွား၏။

“မရီတာကို အားနာစရာကောင်းတယ်..မေယု…မင်းက ဘယ်ကနေ ဘယ်လို…ဒီကောင့်ဆီ ရောက်နေတာလဲ”

“မေယု့…သူ့ဆီကို အမြဲတမ်းရောက်တယ်…ရောက်တိုင်းလည်း ကိုဧရာက မောင်းထုတ်တယ်…မနေ့ကတော့…မေယု့ကို ကောင်းကောင်းမွန်မွန်လက်ခံစကားပြောတယ်…ပြီးတော့ မေယုဆီက တစ်သောင်း ချေးတယ်…အဲ့ဒါနဲ့ မေယုက တစ်သိန်းထုတ်ပေးလိုက်တယ်”

“တသိန်းဟုတ်လား”

ဗေဒါက နောက်ကြည့်မှန်ထဲမှ တဆင့် ဧရာကို ကြည့်လိုက်သည်။

“မေယုကြေးမုံ…နင့်ကြောင့် ဒီကောင်သေတော့မလို့”

“ရှင်..ဘာဖြစ်လို့လဲ”

“ဆေးသမားကို သူ့ဆေးလစ်မစ်ဖိုးထက်ပိုပြီး ငွေသွားပေးတော့…လောဘတွေတက်ပြီး အများကြီးဝယ်ထိုးတယ်..ထင်တယ်..ဟေ့ကောင်..ဧရာ ဟုတ်တယ်..မဟုတ်လား”

ဧရာက ပြန်မဖြေနိုင်။ တဂတ်ဂတ်နှင့် တုန်နေပြန်သည်။

“မင်း..ပုံမှန်လစ်မစ်ထက် ပိုတင်လိုက်တယ်မဟုတ်လား”

“သေ..သွားလည်း..အေးတာပဲ..အကိုရာ”

“တောက်…ခွေးမသား…မင်းဘေးက ကောင်မလေးကို မြင်လား…အဲ့ဒါ မင်းရဲ့ ညီမပဲ…သူ့ခမြာ သူ့အကို ကို အခုမှ တွေ့ရတာ…မင်းက..သေသွားအေးရောလုပ်နေတယ်…မင်းညီမကို မင်းစောင့်ရှောက်ရဉီးမယ်..လဒရဲ့”

ဧရာက သူ့ဘေးတွင် ပါလာသော မေယုကြေးမုံကို တချက်ကြည့်လိုက်သည်။

မေယုကြေးမုံ၏ မျက်ဝန်းတွင် မျက်ရည်ဥကလေးများ တွဲလဲခိုနေ၏။

“မေယု..နင်ကလည်း ဘုမသိ ဘမသိ ..ဒီဆေးသမားဆီ ကြပ်ကြပ်သွား..သူတောင်းတာပေးနေ…နင်သတ်လို့ ဟိုကောင်သေမှာ”

“မေယုမှ မသိတာပဲကို..မေယုကိုပဲ”

မေယုကြေးမုံ အသံက တိမ်ဝင်သွား၏။

ဗေဒါက ဆက်မပြောဖြစ်တော့။

ညောင်ပင်လေးစျေးအပေါ်ထပ်ရှိ ဆေးခန်းသို့ ရောက်သောအခါ ဗေဒါက သူ့အသိ ပိုင်ရှင်ဆရာဝန်ကြီးနှင့် ဝင်တွေ့လိုက်သည်။

ဒီဆေးခန်းက ဗေဒါနှင့် မစိမ်း။

မစ္စတာလု သမီး၏ ကောင်လေး ဆေးဖြတ်တုန်းက သူ စရောက်ခဲ့ဖူးပြီး..နောက်ပိုင်း သူတို့အသိုင်းအဝိုင်းမှ ဆေးဖြတ်ချင်သူတွေကို လိုက်ပို့ပေးနေကျ။

ဆရာဝန်ကြီးထံ သေချာအပ်ပြီး လိုအပ်သည့် ကုန်ကျစရိတ်ကို မေယုကြေးမုံက ရှင်းပေးမည်ဟုဆိုသည်။

ဧရာ့အတွက် သီးသန့်အခန်းတစ်ခန်းကိုလည်း စီစဉ်ပေး၏။

“မေယု..ပြန်ကြစို့”

“ရှင်”

“ပြန်မယ်…ဒီကောင်ကို နင့်အကိုလို့ နင်က တကယ်သဘောထားနေသေးတာလား…ဟိုနေ့က နင့်ကို လက်ခံတွေ့တယ်ဆိုတာ..သူဆေးဖိုးလိုလို့ တွေ့တာ…ဒီကောင်က လူဆိုးလူမိုက်..အလကားကောင်…သူ့ကို ထားခဲ့တော့…နင့် တာဝန်ကျေပြီ”

ဗေဒါက ဧရာ၏ မျက်နှာကို မကြည့်ပဲ စကားများ ဆက်တိုက်ပြောချလိုက်၏။

“မေယုကြေးမုံ…..ကိုယ့်ကို အသိအမှတ်မပြုပဲ ဆေး လိုမှ အဖက်လုပ်တဲ့ ဒီလိုကောင်အတွက် ကိုယ့်အချိန်တွေ အကုန်ခံဦးမလို့လား”

ဗေဒါက မတ်တပ်ထရပ်လိုက်သည်။

မေယုကြေးမုံက လည်း မတ်တပ်ရပ်လိုက်၏။

ဗေဒါက လှည့်ထွက်သွားလိုက်၏။

“ကိုဗေဒါ…ကျွန်တော်တောင်းပန်ပါတယ်”

“ဒီက ညီမလေးကိုလည်း တောင်းပန်ပါတယ်”

လူမိုက်ကြီး ဧရာတွင် မျက်ရည်စများနှင့်။

ဖြူလျော်နေသော သူ့နှုတ်ခမ်းများက တဆတ်ဆတ်တုန်နေ၏။

မေယုကြေးမုံက ဧရာ၏ န‌ဘေးသို့ ပြန်‌ရောက်သွားသည်။

“ကိုကြီးဧရာ…ဒီဆေးကို ရအောင်ဖြတ်ပါ..ပြီးရင်..လူဆိုးလူမိုက်ဘဝထဲကပါ ရုန်းထွက်ပါ..ဘာဖြစ်ဖြစ် ညီမ ကူညီပေးမယ်”

ဧရာက ဘာမှ ပြန်မဖြေ။ မေယုကြေးမုံ၏ မျက်နှာကိုသာ စိုက်ကြည့်နေသည်။

“ဧရာ..ကိုစိုးမြတ်က မင်းကို စောင့်ရှောက်ပေးဖို့ ငါ့ကို မှာသွားတယ်…ငါ.ကိုစိုးမြတ်ကို မကယ်တင်နိုင်လိုက်ပေမယ့်…ပေးခဲ့တဲ့ ကတိကိုတော့ တည်ချင်တယ်…မင်း ငါ့ဆီမှာ အလုပ်လုပ်မလား”

“မလုပ်ဘူး…ဘာလို့လုပ်ရမှာလဲ”

ဗေဒါအား ပက်ခနဲ ပြန်ပြောလိုက်သူက မေယုကြေးမုံ။

“မေယု အကို ကို…ရှင်တို့ရဲ့ မကောင်းတဲ့အလုပ်တွေထဲ ဘာကိစ္စ မေယုက ထည့်ရမှာလဲ..သူ့ကို မေယု ခေါ်သွားမယ်…မေယုအကိုကို မေယု ခေါ်သွားမယ်”

ဆတ်ဆတ်ကြဲပုံစံလေးဖြစ်သွားသော မေယုကြေးမုံပုံစံကို ဗေဒါပင် မျက်လုံးပြူးသွားသည်။

ထိုအချိန်တွင် အခန်းတံခါးခေါက်သံကြားရပြီး ဆရာဝန်နှင့် သူနာပြုများ ဝင်ချလာသဖြင့် သူတို့ စကားပြောလက်စများ ရပ်သွားရ၏။

……………………………….

“မင်း အကိုကို…မင်းတကယ် ကယ်တင်နိုင်မယ်လို့ ထင်လား”

အပြန်လမ်းတွင် ဖြစ်သည်။

ဗေဒါ၏ ပြောစကားကို မေယုကြေးမုံက ပြန်မဖြေ။

“မေးနေတယ်လေ..မင်း လူတွေအကြောင်း ဘယ်လောက်သိလဲ..မေယုကြေးမုံ… နောက်ပြီး ဒီလောကထဲက လူတွေအကြောင်း မင်း ဘယ်လောက်သိလဲ”

“အဲ့ဒါတွေ မေယုသိစရာမလိုဘူး..သိလည်းမသိချင်ဘူး..မေယု သိတာက မေယုအကို ကို မေယု ဒီလို လူဆိုးလူမိုက် ဘဝထဲမှာ မထားခဲ့ချင်ဘူး…အဲ့ဒီလူတွေဘဝဟာ ဘယ်တော့မှ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး..လူတွေ အပေါ်မှာ လက်နက်အားကိုး…အုပ်စုအားကိုးနဲ့ အနိုင်ကျင့်ခေါင်းပုံဖြတ်နေတတ်တဲ့လူတွေ ကို မေယုမုန်းတယ်…. မေယု ချစ်တဲ့သူတွေကို အဲ့ဒီလူတန်းစားထဲ မပါစေချင်ဘူး”

မေယုကြေးမုံစကားကြောင့် ဗေဒါ ပါ ငိုင်စင်းသွားရသည်။

“ဘဲကြီး…..”

“ဆောရီးပါ….မေယုစကားက ဘဲကြီးကို ထိခိုက်သွားရင်”

“ပြီးတော့..ဘဲကြီးကိုလည်း ဒီလို လူမိုက်ဂိုဏ်းစတားဘဝမျိုး မေယု မမြင်ချင်ဘူး….ဘဲကြီးကိုလည်း..မေယု”

ထိုအချိန်တွင် အရှေ့မှ ကားတစ်စီးက ပိတ်ကာ မောင်းနေသဖြင့်..ဗေဒါက ဟွန်းတီးလိုက်သည်။

ကားက လမ်းဖယ်မပေး။

ထိုစဉ် လက်ကိုင်ဖုန်းက ဝင်လာ၏။

ဗေဒါက လက်တစ်ဖက်ဖြင့် ဖုန်းကိုင်လိုက်သည်။

“ဗေဒါ..ငါ သံချောင်းပါ”

သံချောင်း။ စီးပွားရေးဆိုင်ရာကိစ္စများကိုကိုင်တွယ်ရသည့် စစ်ထောက်လှမ်ရေးအရာရှိ။

“ကိုသံချောင်းပြော”

“မင်း..ကားရှေ့မှာ ပိတ်မောင်းနေတာ..ငါ..ဟဲဟဲ”

“ဟာ..ဟေ့လူ..ဒီအချိန်က နောက်စရာကောင်းတဲ့ အချိန်မဟုတ်ဘူးနော်”

“‌မဟုတ်ပါဘူး…မင်းဆီက ငါတို့ အကူအညီတောင်းစရာရှိလို့ပါ”

“အကူအညီတောင်းစရာရှိတယ်ဆိုလည်း…ခဏနေမှတောင်းဗျာ…ကျွန်တော့်မှာ ဧည့်သည်ပါလာလို့…သူ့ကို သွားပို့ရဉီးမယ်”

“မေယုကြေးမုံ မဟုတ်လား”

“ဟုတ်တယ်…ခင်ဗျားတို့ ဆရာမ ရီတာအိမ်ကို သွားပို့ရမှာ..လိုက်ရဲရင် လိုက်ခဲ့ပေါ့”

“ဟားဟား..ဗေဒါ..ဗေဒါ…မင်းက ခြေလှမ်းတွေသွက်ချက်..အကပ်တွေကောင်းချက်ပေါ့…အေးပါ..အေးပါ…ပျံနိုင်သလောက်တော့ ပျံပါ..မောင်ဗေဒါရဲ့”

သံချောင်းပုံစံက ခြိမ်းခြောက်သလိုလို၊ ထေ့ငေါ့သလိုလိုဖြစ်နေသဖြင့် ဗေဒါ သိပ်မကြိုက်ချင်။

ဗေဒါက သံချောင်း၏ ကားကို ဟွန်းသုံးချက်ဆင့်တီးလိုက်သဖြင့် ဘေးသို့ ဖယ်ပေးသည်။

သို့သော်..ကားမှန်ကို ချကာ စပ်ဖြဲဖြဲပြုံးပြသည့် သံချောင်းမျက်နှာကို မြင်လိုက်ရ၏။

……………………………….

ဗေဒါက မေယုကြေးမုံကို ရီတာ၏ အိမ်ရှေ့တွင် ကားရပ်ပေးလိုက်သည်။

“ဧရာဆီကို မနက်ဖြန်သွားရင်…ငါလာခေါ်ပေးမယ်..မေယု”

“ရပါတယ်…ဘဲကြီးမအားလည်း..မေယု ကိုယ့်ဖာသာ သွားလိုက်ပါ့မယ်..ဘဲကြီးသာ..ကိုယ့်ဟာကိုယ် ဂရုစိုက်ပါ”

သံချောင်းနှင့်ဖုန်းပြောပြီးနောက် ဗေဒါ မျက်နှာမကောင်းသည်ကို မေယုကြေးမုံက သတိထားမိသည့်ဟန်။

ဗေဒါက ကားကို ပြန်ကွေ့ပြီး ထွက်လိုက်စဉ် လမ်းထောင့်တွင် ရပ်ထားသော သံချောင်း၏ ကားကို တွေ့လိုက်ရ၏။

ဗေဒါက ကားကို ရပ်လိုက်ပြီး..သံချောင်းဆီသို့ လျှောက်သွာလိုက်သည်။

“ဟေ့လူ..ခင်ဗျား ကျုပ်နောက်ကို ဘာလို့ တကောက်ကောက်လိုက်နေတာလဲ”

“ပြောပြီးပြီရော…မင်းကို အကူအညီတောင်းမလို့ပါဆို”

“ဘာလဲဗျာ..အဲ့ဒါဆိုလည်း ကောင်းကောင်းမွန်မွန်ဖုန်းဆက်ပြောလေ…ကားရှေ့က ပိတ်မောင်းရတာနဲ့..နောက်ကလိုက်ရတာနဲ့”

ဗေဒါက မျက်လုံးကစားလိုက်စဉ် သံချောင်း၏ ကားနောက်ခန်းတွင် နောက်ခန်းတွင် နောက်ထပ် အရာရှိပုံစံဖြင့် နှစ်ဉီးကိုပါ တွေ့လိုက်ရသည်။

ထိုအရာရှိနှစ်ဉီးအနက်မှ တစ်ဉီးမှာ သူ့အား စစ်ကြောရေးတွင် စစ်ဆေးခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ဗေဒါ သတိထားမိလိုက်၏။

ထောက်လှမ်းရေး၏ ပစ်မှတ်က သူ့ထံသို့ ဉီးတည်နေပြီဖြစ်ကြောင်း ဗေဒါ ရိပ်မိလိုက်သည်။

“ကဲ…ပြော…ကျုပ်က ဘာကူညီရမှာလဲ”

“တခြားတော့မဟုတ်ပါဘူး…မင်းနဲ့ တတွဲတွဲဖြစ်နေတဲ့ စက်မှုဝန်ကြီးရယ်….သူသွားသွားနေတတ်တဲ့.သုဝဏ္ဏဗိုလ်ချုပ်ရွာက နှစ်ထပ်တိုက်လေးတစ်လုံးကိစ္စရယ်ပေါ့ကွာ…ဒီလောက်ဆို မင်းပေါက်ပါတယ်…ဗေဒါ”

ခက်ဇော်

အခန်း ၁၉ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>