ကဒဲရွာတွင် နေအိမ် ၆ဝခန့် မီးရှို့ခံရပြီး ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးပျောက်နေ

0
2817
ဓာတ်ပုံ - ပုလောသွေးချင်းညီအကိုများ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် နေအိမ်ခြောက်ဆယ်ခန့် မီးရှို့ခံရပြီး ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

ကဒဲကျေးရွာသို့ ဖေဖော်ဝါရီလ ၁၅ ရက် ညတွင် စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် နေအိမ်များစတင်မီးရှို့ခံရခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်အထိ မီးလောင်ကျွမ်းနေခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“ကားတွေ၊ ဆိုင်ကယ်တွေ အကုန်မီးရှို့ခံရတယ်။ ဒီနေ့အထိ မီးကတငွေ့ငွေ့လောင်နေတုန်း။ဘုန်းကြီး နှစ်ပါးနဲ့ ကဒဲကကောင်လေး တစ်ယောက်နဲ့ ကြဲ (ရွာ) က တစ်ယောက် ပျောက်နေတယ်” ဟု ကဒဲရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နေအိမ်များ မီးရှို့ခံရသည့်အထဲ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

“ရုတ်တရက် ထွက်ပြေးရတယ်ဆိုတော့ ဘာမှယူမခဲ့ဘူး။ ဝတ်စရာ အဝတ်တောင် မရှိတော့ဘူး” ဟု နောက်အမျိုးသားတစ်ဦးက ပြောသည်။

ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးတို့ုကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဟုတ်မဟုတ် အတိအကျ မသိရသေးသလို အဆက်အသွယ်လည်း မရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ရွာတွင် ထပ်မံမီးလောက်ကျွမ်းမှု မရှိတော့သော်လည်း ရွာသားများမှာ ရွာအတွင်းသို့ ပြန်မဝင်ရဲကြသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။

ကဒဲရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကဒဲရွာကို ပြည်သူ့ကာကွယ်ရေးတပ်က လွန်ခဲ့သည့် သုံးလခန့်က ဝင်ရောက်နေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ကဒဲရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဖမ်းဆီးထားသူ ၁၃ဦးကို စစ်ကောင်စီတပ်က ကယ်ထုတ်သွားခဲ့သည်။