သရက်ချောင်း၊ ကတွဲရွာက ဖမ်းဆီးခံရသည့်အမျိုးသား ၁၁ရက်အကြာတွင် အလောင်းပြန်တွေ့

0
2845

သရက်ချောင်းမြို့နယ်၊ ကတွဲရွာတွင် မျက်နှာဖုံးစွပ်လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားသည့် ကိုအာကာ (ခေါ်) ကိုစိုးဝင်းနိုင်ကို ၁၁ ရက်အကြာတွင် အလောင်းပြန်တွေ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မြိတ်-ထားဝယ်ကားလမ်းပေါ်က တံတားတစ်ခုအောက်တွင် ပုပ်ပွနေသည့် ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၇ရက်က ပြန်လည်တွေ့ရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။  

“တံတားတစ်ခုရှိနေတာကိုး။ တံတားအောက်ကို ပစ်ချထားတယ်။ တော်ရုံတန်ရုံသွားလာရင် မမြင်ဘူး၊ ကတွဲနဲ့ဆို ၂ မိုင်လောက်ဝေးတယ်” ဟု ၎င်းက ဆိုသည်။

ကိုအာဏာသည် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ်လုပ်ကိုင်ဖူးပြီး စစ်ကောင်စီတပ်က ယင်းရွာသို့ ရောက်လာလျှင် လိုအပ်သည်များကို လိုက်လံလုပ်ဆောင်ပေးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးခြိမ်းခြောက်စာ ထုတ်ပြန်ဖူးကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောဆိုသည်။

ယင်းနောက် ရန်ကုန်တွင် ရှစ်လခန့်သွားရောက်နေထိုင်ကာ ရွာသို့ ပြန်လာပြီး ၂ရက်အကြာ ဖေဖော်ဝါရီလ ၅ရက် ည ၈နာရီတွင် မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အလောင်းမှာ ပုပ်ပွနေပြီဖြစ်သဖြင့် တွေ့ရှိသည့်နေရာတွင်ပင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦက ပြောသည်။

ကိုအာကာကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ကို မသိရသေးပေ။