ကံပေါက်ဒေသခံ ၇ ဦး ပြန်လွတ်လာသော်လည်း အမျိုးသမီး ၁ ဦး အဖမ်းခံထားရဆဲ

0
2544

စစ်ကောင်စီကဖမ်းဆီး စစ်ဆေးနေသည့် ရေဖြူမြို့နယ် ကံပေါက်ဒေသခံ ၇ ဦးမှာပြန်လွတ်လာသော်လည်း အမျိုးသမီး တစ်ဦးကိုမူ ဆက်လက်ဖမ်းထားဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ပြန်လွတ်လာသူများမှာ ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက်မှ မဝင်းစန္ဒီကျော်(ခ)အသေးလေး၊ လှည်းကုန်း (၁)ရပ်ကွက်မှ မချိုချိုအောင်၊ မိသန်းကြွယ်နှင့် သမီးဖြစ်သူ မရွက်နုဝေ၊ ကိုသက်ဦးနှင့် ဇနီးဖြစ်သူ မမာဝေ၊ မသန်းသန်းစိုးတို့ ဖြစ်သည်။

၄င်းတို့အနက် ကိုသက်ဦးနှင့် မဝင်းစန္ဒီကျော်တို့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကျန် အမျိုးသမီး ၅ ဦးမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ကံပေါက်နယ်မြေရဲစခန်းမှတစ်ဆင့် မောရဝတီ ရေတပ်သို့ ခေါ်ဆောင် စစ်ဆေးခံရခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် မမီးသက်မှာမူ ၁၀ ရက်ကျော်သည်အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပေ။

“လှည်းကုန်း ၁ ရပ်ကွက် တောင်ထိပ်အပိုင်းက သူတွေ အိမ်တိုင်းနီးပါး ခေါ်စစ်ခံရပြီး အကုန်ပြန်လွတ်လာကြပြီ။ သူ(မမီးသက်)တယောက်တည်း ကျန်နေခဲ့တယ် “ ဟု လှည်းကုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ကံပေါက်ဒေသတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၂၃ ဦးဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၇ ရက်အထိ စာရင်းအရ ၂၂ ဦး ပြန်လွတ်လာပြီဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်များဖြစ်ပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နေ့မှစပြီး စစ်ကောင်စီက ကံပေါက်ဒေသတွင် ဆိုင်ကယ်စီးနင်း ပိတ်ထားသည်မှာ ရက်သတ္တပတ် ၃ ပတ်ကျော် ကြာလာပြီဖြစ်သည်။