မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားခံယူရန်လျှောက်ထား

0
2834

ထိုင်း-မြန်မာနယ်စပ်တွင် မယ်တော်ဆေးခန်းတည်ထောင်ကာ မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့ပေးနေသည့် ဒေါက်တာစင်သီယာမောင်သည် ထိုင်းနိုင်ငံသားအဖြစ်ခံယူရန် လျှောက်ထားလိုက်ကြောင်း Bangkok Post သတင်းဌာနက ယနေ့ ဖော်ပြသည်။

နယ်စပ်တစ်လျှောက် လူနာများကို နှစ် ၃၀ကျော်ကြာ ကျန်းမာရေးဆိုင်ရာထောက်ပံကူညီမှုများပေးခဲ့ပြီးနောက် ဒေါက်တာစင်သီယာမောင်သည် ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၅ ရက်တွင် မဲဆောက်ခရိုင်ရုံးသို့ သွားရောက်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး Hill Area and Community Development Foundation (HADF) အဖွဲ့ဝင်များပါလိုက်ပါခဲ့ကြကြောင်း ရေးသားထားသည်။

ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ခြင်းက ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းအတွက် နိုင်ငံတကာနှင့် ထိုင်းအဖွဲ့အစည်းများ ထံမှ အကူအညီများစွာရရှိနိုင်ကြောင်း ဒေါက်တာစင်သီယာမောင်က ပြောဆိုထားသည်။

ထိုင်းနိုင်ငံသား လျှောက်ထားသော်လည်း ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ မည်သည့်နိုင်ငံသားပင် ဖြစ်ဖြစ် ဒုက္ခသည်များကိုမူ ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာစင်သီယာမောင်၏ ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုကို အထောက်အပံ့ဖြစ်စေရန် HADF တည်ထောင်သူ Tuenjai Deetes ကလည်း ထိုင်းပြည်ထဲရေးဝန်ကြီးထံသို့ စာပေးပို့ထားသည်ဟု ဆိုသည်။

ကရင်လူမျိုးဖြစ်သူ ဒေါက်တာစင်သီယာမောင်သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ပြီး လက်ရှိတွင် အသက် ၆၃နှစ်အရွယ် ရှိနေပြီဖြစ်သည်။

မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်မှစ၍ ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသနယ်စပ်တွင် တည်ထောင်ဖွင့် လှစ်ခဲ့သည်။

ယင်းအချိန်ကပင် နယ်စပ်တစ်လျှောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို ထိခိုက်မှု၊ ဖျားနာမှုများ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များကို ကူညီလုပ်ဆောင်နိုင်ခဲ့သည်။

ထို့ကြောင့် ထိုင်းပြည်သူ့ဆေးရုံများ၏လုပ်ငန်းများအတွက် အထောက်အပံ့တစ်ခုဖြစ်ခဲ့ကြောင်း Tuenjai Deetes က ရေးသားခဲ့သည်။

မယ်တော်ဆေးခန်းသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဘတ်ဂျက် ဘတ် ၄၈ သန်းကိုသုံးကာ လူနာ သုံးသောင်းခန့်ကို ကုသပေးနေကြောင်း ရေးသားထားသည်။

နှစ်ပေါင်း ၃၄ နှစ်ကြာပြီးနောက် ထိုင်းအစိုးရထံမှ ထောက်ပံငွေမယူဘဲ လူနာပေါင်း တစ်သန်းကျော်ကို ဆေးခန်းက ကုသပေးနိုင်ခဲ့ပြီး ယင်းအတွက် ဘတ် ၁ ဒသမ ၈ ဘီလီယံကျော်ကို သုံးစွဲခဲ့ကြောင်း Tuenjai Deetes က ရေးသားခဲ့သည်။

ဒေါက်တာစင်သီယာမောင်သည် မဲဆောက်ဒေသအတွင်းရှိ ဒုက္ခသည်ကလေးများ ပညာရေး ဆက်လက်သင်ယူနိုင်ရန် အတွက် ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာကိုလည်း ဖွင့်လှစ်ထားပြီး ကရင်၊ ဗမာ၊ ထိုင်းနှင့် အင်္ဂလိပ်သင်ရိုးများကို အသုံးပြုသင်ကြားနေသည်။

အဆိုပါစင်တာတွင် မူကြို (KG) မှ အထက်တန်းအထိ ကျောင်းသားပေါင်း ၁၀၀၀ ခန့်ရှိနေသည်။
အုမ်ဖန်းဆေးရုံမှ ဒါရိုက်တာတစ်ဦးကလည်း မယ်တော်ဆေးခန်းသာ မရှိခဲ့လျှင် နယ်စပ်တစ်လျှောက်ရှိ အစိုးရဆေးရုံ များသည် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ၏ ကျန်းမာရေးဆိုင်ရာအကူအညီအားလုံးကို ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။

“ထိုင်းနိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုရင် ဒေါက်တာစင်သီယာမောင်ကို သူမရဲ့ ဖောင်ဒေးရှင်းအတွက် ထိုင်းအေဂျင်စီအနေနဲ့ မှတ်ပုံတင်နိုင်ဖို့ ခွင့်ပြုလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ လူသားအကျိုးပြုလုပ်ငန်များ ကြိုးပမ်းလုပ်ဆောင်မှုကြောင့် ဒေါက်တာစင်သီယာမောင်သည် ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ရရှိခဲ့သည်။