ဖမ်းထားသည့် သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာသားကို သတ်လိုက်ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်

0
4353

သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာသား ဦးတင်လတ်မှာ သတင်းပေးဒလန်ဖြစ်၍ သတ်လိုက်ပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၆) ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ဦးတင်လတ်ကို စစ်ကောင်စီ၊ ပျူစောထီးတို့နှင့် ပူးပေါင်း ဆက်သွယ်သည်ဆိုသော စွပ်စွဲချက်ဖြင့် သရက်ချောင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးကာ သတ်ခဲ့ခြင်းဖြစ်သည်။

ဦးတင်လတ်မှာ ၂၀၂၂ ခုနှစ် ၁၂ လပိုင်း ၁၇ ရက်က စစ်ကောင်စီတပ်သားများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့်အတူ ကင်းရှေ့ရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဝင်ရောက်ရှာဖွေခဲ့သည်ဟု သတင်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ၁၂ လပိုင်း ၁၉ ရက်ကလည်း ဥတ္တူရွာကို စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့များနှင့်အတူ လိုက်ပါလာသည်ကို မျက်မြင်တွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော် ယင်းပြောဆိုချက်များအပေါ် ဦးတင်လတ်၏ သမီးဖြစ်သူ မမေမြတ်နိုး ကန့်ကွက်လိုက်ပြီး မတရားအသတ်ခံရခြင်းသာဖြစ်သဖြင့် တရားမျှတမှုကိုလိုချင်ကြောင်း ဆိုသည်။

“သူတို့စွပ်စွဲချက် မှန်တယ်ဆိုရင်(စစ်ကောင်စီ၊ ပျူစောထီး)နဲ့ ပူးပေါင်းနေပါတယ်ဆိုတဲ့ သက်သေလိုချင်တယ်။ ပြီးရင် ညီမအဖေအလောင်း ပြန်လိုချင်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့တို့နှင့် ပူးပေါင်းသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခံခဲ့ရသည့် ဖခင်ဖြစ်သူ ဦးတင်လတ်အတွက် ခိုင်လုံသည့် သက်သေအထောက်အထားလိုချင်ကြောင်း သမီးဖြစ်သူက ယနေ့ (ဖေဖော်ဝါရီ ၁၆) ပြောဆိုလိုက်ခြင်းဖြစ်သည်။

အသက် ၅၄ နှစ်အရွယ် ကျွဲဇပ်ရွာသား ဦးတင်လတ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်က ဥတ္တူရွာကို ရော်ဘာအရောင်းအဝယ်ကိစ္စဖြင့် အလုပ်သမားများနှင့်အတူရှိနေစဉ် အမည်မသိလူတစ်စုက ခေါ်ဆောင်သွားပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မမေမြတ်နိုးက ရှင်းပြသည်။

တစ်ညကြာသည်အထိ အဆက်အသွယ်မရသဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် မိသားစုဝင်များက ဥတ္တူရွာကို သွားရောက်စုံစမ်းရာ  PDF တပ်ဖွဲ့ဝင်များက ဒလန်ဟုဆိုကာ သတ်လိုက်ပြီဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

ဖခင်ဖြစ်သူမှာ ရိုးသားအေးဆေးပြီး စကားနည်းကာ အနေအေးသူတစ်ဦးဖြစ်ကြောင်း၊ နိုင်ငံရေး စိတ်ဝင်စားသူမဟုတ်ဘဲ သာမန်ပြည်သူတစ်ဦးသာဖြစ်သည်ဟု ဦးတင်လတ်၏ သမီးမမေမြတ်နိုးက ပြောသည်။

“ညီမတို့အဖေက အနေအေးတဲ့သူပါ ဖုန်းကအစ ကီးပက်ဖုန်းပဲကိုင်တတ်သူပါ။ နိုင်ငံရေးလည်း စိတ်မဝင်စားသူပါ ညီမတို့အိမ်က အသိဆုံးပါ။ ဒလန်ဟုတ် မဟုတ်ဆိုတာ ရပ်ရွာပတ်ဝန်းကျင် အကုန်လုံး လိုက်မေးမြန်းစုံစမ်းနိုင်တယ်။ လူအနည်းစုရဲ့ပြောစကားကိုယုံပြီး သတ်ပစ်တာဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စပါ” ဟု ၎င်းက ပြောသည်။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ ရော်ဘာတုံးဝယ်သည်ဟု အကြောင်းပြပြီး ဥတ္တူကျေးရွာအနီးဖြတ်သန်းသွားလာနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကို ဓာတ်ပုံနှင့်တကွရှာဖွေခြင်း၊ ရွာသားများကိုခြိမ်းခြောက်ကာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တည်နေရာကို စုံစမ်းခြင်းများပြုလုပ်သည်ဆိုသော သတင်းပေးပို့မှုကိုရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ဦးတင်လတ်မှာ စစ်ကောင်စီအရာရှိများ၊ တပ်ကြပ်၊ ဒုရဲအုပ်၊ ဦးစီးမှူးတို့နှင့် အဆက်သွယ်လုပ်ထားသည်ကိုလည်း‌ တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အထက်ပါ သတင်းပေးပို့ချက်များအရ ဦးတင်လတ်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းရာ သတင်းပေးပို့ချက် ကိုအတည်ပြုရသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က သုတ်သင်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။