ပုလော ကဒဲရွာ မီးရှို့ခံရ

0
2723

မြိတ်ခရိုင်၊ ပုလောမြို့အနီးရှိ ကဒဲရွာတွင် နေအိမ်မီးရှို့ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ကဒဲရွာသို့ အင်အားအလုံးအရင်းဖြင့် ဖေဖော်ဝါရီလ ၁၅ ရက် ည ၇ နာရီဝန်းကျင်က ဝင်ရောက်ခဲ့ပြီးနောက် ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ရွာလယ်မှ စတင်ကာ မီးရှို့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မီးခိုးမဲကြီးတွေက အလိပ်လိုက်တက်နေတုန်းပဲသေး။ ကဒဲရွာက တစ်အိမ်ရှို့ရင် တစ်ရွာလုံးကုန်ပဲ။ ကျန်လှ လေးငါးဆယ်ပဲ” ဟု ကဒဲရွာဒေသခံအမျိုးသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီခွဲက ပြောသည်။

ကဒဲရွာတွင် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး နေအိမ်များမှာ တစ်အိမ်နှင့်တစ်အိမ် ကပ်လျက်ဆောက်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဘိတ် (မြိတ်) မြို့မျိုးပဲ။ ပူးကပ်ပြီးဆောက်ထားကြတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ တစ် နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ် ဝင်ရောက်မှုကြောင့် ရွာသားများသည်လည်း တောတောင်များအတွင်း ထွက်ပြေးနေကြရကြောင်း ၎င်းတို့က ပြောသည်။