ကားမှောက်မှုကြောင့်သေဆုံးသော မြန်မာလုပ်သားနှစ်ဦးအတွက် အာမခံကြေးဘတ်နှစ်သန်းကျော်ရ

0
2943

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့အနီး မြန်မာအလုပ်သမားများလိုက်ပါလာသည့် ဘတ်စ်ကားတိမ်းမှောက်မှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမားနှစ်ဦးအတွက် အာမခံလျော်ကြေးငွေ ဘတ် ၂၁ သိန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပေးအပ်လိုက်ကြောင်း တာခ့်ခရိုင်အလုပ်သမားရုံးက ထုတ်ပြန်သည်။

အဆိုပါမြန်မာအလုပ်သမားများမှာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံတွင် တရားဝင် လာရောက် လုပ်ကိုင်နေသူများဖြစ်သည်။

ကားတိမ်းမှောက်ရာတွင် သေဆုံးသွားသည့် မရွှေရည်နှင့် မဟန်တို့နှစ်ဦးအတွက် ကားအာမခံကုမ္ပဏီက အာမခံ လျော်ကြေးငွေ တစ်ဦးလျှင် ဘတ် ၁၀၅၀၀၀၀ (ကျပ်သိန်း ၉၀၀ ခန့်) ကို မိသားစုဝင်များထံသို့ ချက်လက်မှတ်ဖြင့် ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါအာမခံငွေပေးအပ်ပွဲကို တာခ့်ခရိုင် မဲဆောက်ရဲစခန်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ထိုင်းအလုပ်သမားရုံးက တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားသံအရာရှိတို့လည်း တက်ရောက်ခဲ့သည်ဟု ဖော်ပြသည်။

သေဆုံးသူ၏ မိသားစုဝင်များသည် အာမခံငွေလက်ခံရန်အတွက် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှတစ်ဆင့် Border Pass ဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိထံမှ သိရသည်။

“အခုက ငွေသားထုတ်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေတာပေါ့နော်။ ဘဏ်နဲ့ချိတ်ဆက်ပြီးတော့။ မိသားစုဝင်တွေလည်း မပြန်သေးပါဘူး” ဟု သံအရာရှိက ပြောသည်။  

ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၂၉ ရက် ည ၉ နာရီခန့်တွင် MoU မြန်မာအလုပ်သမားများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် မဲဆောက်မြို-တာခ့်မြို့ အမြန်လမ်းမကြီးပေါ်ရှိ ကီလိုမီတာ ၆၈ အကျော် တောင်ဆင်းလမ်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် မြန်မာအလုပ်သမား ၄၅ ဦး၊ ကားမောင်းသူနှင့်အကူတစ်ဦးတို့ စုစုပေါင်း ၄၇ ဦးတို့ လိုက်ပါလာခဲ့ကြသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားမောင်းသူနှင့် မြန်မာအလုပ်သမားနှစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့ပြီး ၄၄ဦးအထိ ဒဏ်ရာရခဲ့သည်။