ပုလောရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၊ တိုက်ပွဲပြင်းထန်

0
2682

မြိတ်ခရိုင်၊ပုလောမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်၏ အမာခံကျေးရွာဟုဆိုသော ရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကောင်စီတပ်က အင်အားနှစ်ရာကျော်ဖြင့် မနေ့ (ဖေဖော်ဝါရီ ၁၅) ညနေမှစတင်ကာ သင်္ကန်းတောရွာသို့ ဝင်ရောက်နယ်မြေရှင်းလင်းခဲ့ပြီး ည ၇ နာရီဝန်းကျင်တွင်လည်း ကဒဲကျေးရွာအတွင်း ထိုးစစ်ဆင်ဝင်ရောက်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“ကဒဲအဝင်မှာ နှစ်ဖက်တိုက်ပွဲကြမ်းတယ် နှစ်နာရီလောက်တော့ ပစ်ကြတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေလည်း မနားတမ်းပစ်သံတွေကြားရတယ်”ဟု ကဒဲရွာ ဒေသခံအမျိုးသား ကပြောသည်။

ကဒဲရွာနှင့်သင်္ကန်းတောရွာကို ပြည်သူ့ကာကွယ်ရေးတပ်များက လအတန်ကြာကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ပြီး ယာယီရှေ့တန်းစခန်းအဖြစ် အသုံးပြုနေကာ ရွာအတွင်း အရပ်သားနေထိုင်သူ မရှိသလောက်နည်းပါးသည်ဟု ဒေသခံများကပြောသည်။

“အထိအခိုက်အကျအဆုံးတော့ လောလောဆယ် မကြားရသေးဘူး။ ရွာထဲမှာ ဆိုင်ကယ်တွေကားတွေ အများကြီး ကျန်ခဲ့တယ်။ ထမင်းစားနေချိန်အတွင်း ဝင်ချလာတယ်ဆိုတော့ တချို့ပစ္စည်းမယူနိုင်ဘဲ ဆုတ်ပေးလိုက်ရတယ်လို့ ကြားရတယ်”ဟု ဒေသခံအမျိုးသား နောက်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြဒေါင်ရွာနေ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးအစ ထိမှန်ခံရသည်ဟု ဒေသခံများကပြောသည်။

အင်အားမမျှသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ လတ်တလော ဆုတ်ခွါပေးခဲ့သော်လည်း ထပ်မံပြီး တိုက်ပွဲများပိုကြမ်းလာနိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြသည်။

 တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွါးမှုအများဆုံးဖြစ်သည့် ပုလောမြို့နယ်နှင့်တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။