တော်လှန်ရေးရန်သူ ဆိုပေလင့် တဖက်မှာ စီးပွားရေး မိတ်ဖက်

0
7270

Dawei Watch စုံစမ်းဖော်ထုတ်ရေးသားသည်။

ထိုင်းနိုင်ငံနယ်စပ် ထီးခီးတွင်ရှိသော ကာစီနိုများကို ကရင်ပဒို၊ ကရင်တပ်မှူး အမည်များနှင့် ဒေသခံများက တွဲသိလေ့ရှိသည်။ သည်ကာစီနိုမှာ ပဒို အယ်နားပိုင်၊ သည်ကာစီနိုမှာ တပ်မှူး ဘချောပိုင် ဟူ၍ ဖြစ်သည်။

ထီးခီးဒေသရှိ ကာစီနိုကြီးတစ်ခုကို ကရင်အမျိုးသား အစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ပဒိုခေါင်းဆောင်ပိုင်း၊ တပ်ရင်း (၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ပူးပေါင်း ပိုင်ဆိုင်သော ကုမ္ပဏီက လည်ပတ်နေကြောင်း သက်သေ အထောက်အထားများ တွေ့ရှိခဲ့ရသည်။

ထိုကြောင့်ပင် စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မည်ဟု ကြွေးကြော်ထားသော KNU တပ်မဟာ (၄) ခေါင်းဆောင်ပိုင်းတို့သည် စစ်ကောင်စီ၏ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဟိုတယ်ကာစီနိုလုပ်ငန်း စီးပွားဖက်များ ဖြစ်လျက်ရှိကို တွေ့ရသည်။

စစ်အာဏာရှင် တော်လှန်ရေး ကာလအတွင်း KNU တပ်မဟာ (၄) သည် စစ်ကောင်စီ တပ်များနှင့် ထိပ်တိုက်မတွေ့မှုကို ပြည်သူများက မေးခွန်းထုတ်နေချိန်တွင် ထီးခီးတွင် နိုင်ငံတကာ ကာစီနိုကြီး တစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည်။ 

လေးဦးပိုင် ကုမ္ပဏီ

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် ဖော်ပြထားချက်အရ ဟိုတယ် လုပ်ငန်း လုပ်ကိုင်ရန်ဟုဆိုကာ ဖွင့်လှစ်ထားသော ဆာကပရေထူး ကုမ္ပဏီလီမီတက်၏ ဒါရိုက်တာ အဖွဲ့ဝင်များစာရင်းတွင် မြန်မာနိုင်ငံသားများအဖြစ် ဘချော၊ စောမာတင်လူသာ၊ စောတင်စိုး တို့နှင့် အတူ ထိုင်းနိုင်ငံသား Tanakorn Jiraphasuksakul တို့ ပါဝင်သည်ကိုတွေ့ရသည်။

ဘချောမှာ KNU တပ်မဟာ (၄) အောက်ရှိ KNDO တပ်ရင်း ၇ ၏ တပ်ရင်းမှူး ဖြစ်ပြီး ဗိုလ်ဘချောအဖြစ် လူသိများသူ ဖြစ်သည်။ ယခင်က တပ်မဟာ (၄) လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ တာဝန်ရှိသူ ဖြစ်ပြီး ထီးခီးနယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် နာမည်ကြီးသူ ဖြစ်သည်။

စောမာတင်လူသာမှာ လက်ရှိ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဆင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။ ကရင်အမျိုးသား အစည်းအရုံး ဗဟို၏ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ တူတော်စပ်သူလည်း ဖြစ်ပြီး တနင်္သာရီတိုင်း ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ထိုစဉ်ကတည်းက KNU တပ်မဟာ (၄) နယ်မြေအတွင်း စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုပါက စောမာတင်လူသာ၏ ထောက်ခံချက် ယူရလေ့ရှိကြောင်း ယုံကြည်စိတ်ချရသည့် ကရင် သတင်းအရင်းအမြစ်တစ်ခု ထံမှ သိရသည်။

စောတင်စိုးမှာ KNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) ၏ အတွင်းရေးမှူး ဖြစ်ပြီး ပဒို အယ်နား အဖြစ် လူသိများသူ ဖြစ်သည်။ မြိတ်-ထားဝယ်ခရိုင်၏ လယ်ယာမြေ၊ သစ်တော တာဝန်ခံ လည်းဖြစ်သည်။ လက်ရှိ KNU ဗဟို၏ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း မြိတ်-ထားဝယ် ခရိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့စဉ်က ပဒို အယ်နားမှာ ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူဖြစ်သည်။

တနခွန် ဂျစ်ရဖစပ်ကကော (Tanakorn Jiraphasuksakul) မှာ ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့တွင် အခြေစိုက်ထားသော ဂရမ်းထီးခီးတောင်ကြား ကာစီနို (Grand Tee Kee Valley) ၏ ဒါရိုက်တာနှင့် တည်ထောင်သူ အဖြစ် အလုပ်အကိုင်ဆိုင်ရာ လူမှုကွန်ရက် စာမျက်နှာ တစ်ခု ဖြစ်သော Linkedin စာမျက်နှာတွင် ရေးသားထားသည်။

ကရင်ဘာသာဖြင့် ကောင်ကင် ရွှေကြယ် ဟု အဓိပ္ပါယ်ရသော ဆာကရေထူးကုမ္ပဏီကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်း တွင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည်။ ဆာကပရေထူး ကုမ္ပဏီသည် ထီးခီးတွင် ရှန်ဂရီလာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန သတင်းအရင်း အမြစ်တစ်ဦးက Dawei Watch သို့ အတည်ပြုပြောကြားသည်။ ရှန်ဂရီလာ ပျော်ပွဲစားရုံ (Entertainment Complex) နှင့် ဂရမ်းထီးခီးတောင်ကြား အပန်းဖြေစခန်း ကိုလည်း အထက်ပါ ကုမ္ပဏီက ပူးတွဲပိုင်ဆိုင်ကြောင်း ၎င်းက ဆိုသည်။

ဂရမ်းထီးခီး နှင့် နိုင်ငံတကာ ကာစီနိုကွန်ရက်

ဂရမ်းထီးခီးတောင်ကြား (Grand Tee Kee Valley) အပန်းခြေစခန်း မှာ ထိုင်းနိုင်ငံ ဖူနမ်ရွန် နယ်စပ်ဖြစ်ကျော်ရေးစခန်းအနီး မြန်မာနိုင်ငံ ပိုင်နက်အတွင်း တည်ရှိသည်။ ထို အပန်းဖြေစခန်းရှိ ရှန်ဂရီလာ ကာစီနိုမြန်မာ (Shangri La Casino Myanmar) ကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်း၏ အင်တာနက် စာမျက်နှာတွင် ကြေညာထားသည်။ ယင်းတွင် လောင်းကစားဝိုင်းများ၊ စလော့ဂိမ်းများ၊ ဘားနှင့် ကဖေးဆိုင်များ၊ ကြယ်ငါးပွင့် အဆင့်ရှိ အပန်းဖြေအခန်းများ ပါဝင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ရှန်ဂရီလာ ကာစီနိုမြန်မာသည် အရှေ့ ဥရောပနိုင်ငံ တစ်လွှား လောင်းကစားရုံများ ဖွင့်လှစ်ထားသော နိုင်ငံတကာ လောင်းကစားလုပ်ငန်းစု၏ တစိတ်တစ်ပိုင်းဖြစ်ကြောင်း ရှန်ဂရီလာ၏ အင်တာနက် စာမျက်နှာတွင် တရားဝင်ဖော်ပြထားသည်။

ယူကရိန်း၊ လစ်ဗီးယား၊ ဂျော်ဂျီယာ၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဂျာမနီနိုင်ငံတို့တွင် ရှန်ဂရီလာ ကာစီနို အမည်ဖြင့် ကာစီနိုဝိုင်းဖွင့်လှစ်ထားသော နိုင်ငံတကာ လုပ်ငန်းစုကို Strom International လုပ်ငန်းစုက ပိုင်ဆိုင်သည်။ ရှန်ဂရီလာ အမည်ဖြင့် သက်ဆိုင်ရာ နိုင်ငံ ဒေသ အလိုက် လောင်းကစား လုပ်ငန်း ကိုယ်တိုင် လည်ပတ်ဖွင့်လှစ်နိုင်ရန် Strom International က နည်းပညာ၊ အရင်းအမြစ်များ ပံ့ပိုးပေးလေ့ရှိသည်။

Strom International ကို ၁၉၉၂ ခုနှစ်တွင် အင်္ဂလိပ်အမျိုးသား တစ်ဦးက ထူထောင်ခဲ့ပြီး နိုင်ငံတကာတွင် ဆုပေါင်းများစွာ ရရှိထားကြောင်း ၎င်း၏ အင်တာနက် စာမျက်နှာတွင် ညွှန်းဆိုထားသည်။

ထီးခီး ရှန်ဂရီလာလောင်းကစားရုံကို ၂၀၂၀ ပြည့်နှစ် ဝန်းကျင်ကတည်းက အွန်လိုင်းမှ ဖွင့်လှစ်ထားကြောင်း ထီးခီးဒေသခံများ၏ အဆိုအရ သိရသည်။ ယင်းနောက် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက မြေပြင်ပေါ်တွင် ဖွင့်လှစ်ထားဖွယ်ရှိကြောင်း အထောက်အထားများ အရသိရသည်။

ယူကရိန်းနိုင်ငံမြို့တော် ကီယက် အခြေစိုက် ကာစီနိုရှန်ဂရီလာ၏ မန်နေဂျာ ရှောင် ဆိုသူ အနောက်နိုင်ငံသားတစ်ဦး နှင့် ရှန်ဂရီလာ ထီးခီး၏ အရောင်းမြှင့်တင်ရေး မန်နေဂျာ ထိုင်းနိုင်ငံသား သီထီဆိုသူတို့ ထီးခီးသို့ ၂၀၂၂ ခုနှစ် ဇွန်လ ဆန်းပိုင်းက လာရောက်ခဲ့သည်။ သီထီမှာ ကမ္ဘောဒီးယား နိုင်ငံ အခြေစိုက် ခရောင်း ကာစီနို (Crown Casino) ပွိုင်ပက်၏ အရောင်းမြှင့်တင်ရေး မန်နေဂျာတစ်ဦးလည်း ဖြစ်ကြောင်း သူ၏ ကွန်မှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ဇွန်လဆန်းပိုင်းက ထီးခီးသို့ လာရောက်ခဲ့ကြောင်း ၎င်းတို့ နှစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံနှင့် ဗီဒီယိုများ သီးခြားစီတင်ခဲ့ကြသည်။

ထိုသို့ လာရောက်ချိန်တွင် ရှောင်က Opening Day ဟူသော ရှန်ဂရီလာ ထီးခီး ကာစီနို၏ ကြော်ငြာ ဗီဒီယိုဖိုင်တစ်ခု ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည်။

ယင်းနောက် ရက်ပိုင်းအကြာ၊ လာရောက်အပမ်းဖြေ ဆော့ကစားသူများအား ဖိတ်ခေါ်စာချက်ကို ရှန်ဂရီလာ ထီးခီး Entertainment Complex ၏ Facebook စာမျက်နှာ၌ တင်ခဲ့သည်။

ဘန်ကောက်မှ နှစ်နာရီခွဲ မျှသာ

လောင်းကစားနည်းပေါင်းစုံ လာရောက်ကစားနိုင်ပြီး ကြယ်ငါးပွင့် အဆင့် ပုံမှန်နှင့် အထူး ဝန်ဆောင်မှုများအတွက် ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ လာရောက်လည်ပတ်လိုသူများ အနေနှင့် ကန်ချနဘူရီရှိ ရေပူစမ်း စူရပ်တွင် စုဆုံပြီး ကြိုပို့ ပြုလုပ်ပေးပါကြောင်း ဖိတ်ခေါ် ကြော်ငြာထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ အလှပဆုံးနေရာများအနက် တစ်ခု ဖြစ်သည့် ထီးခီးတောင်ကြားတွင် တောတောင် ရေတံခွန်များကို ခံစားရင်း လာရောက် ဆော့ကစားနိုင်ပါကြောင်း၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှ အနောက်ဘက်သို့ နှစ်နာရီခွဲမျှသာ ခရီးနှင်ရမည် ဖြစ်ကြောင်း ရှန်ဂရီလာ မြန်မာ၏ အင်တာနက် စာမျက်နှာတွင်လည်း အမွန်းတင်ကြော်ငြာထားသည်။

ကာစီနို ဖွင့်လှစ်မှု နှင့် ပတ်သက်၍ မေးမြန်းအတည်ပြုနိုင်ရန် ရှန်ဂရီလာက တရားဝင် ထုတ်ပြန်ထားသော တယ်လီဖုန်းများကို Dawei Watch က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ထီးခီးတွင် ကာစီနိုဝိုင်းများ ဖွင့်လှစ် ဆော့ကစားနေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ထီးခီးတွင် နှစ်ဆယ်ချီ နေထိုင်လာခဲ့သော ဒေသခံတို့ကဆိုသည်။ ထနောင်စီ အမည်ရ ဗိုလ်ဘချောပိုင် ကာစီနိုမှာ ပထမဆုံး ဖွင့်လှစ်သော လောင်းကစားရုံ တစ်ခု ဖြစ်သည်။ ယင်းနောက် လောင်းကစားရုံ ငါးရုံ အထိ တိုးလာခဲ့သည်။ ယခုအခါ ထိုငါးရုံစလုံး လည်ပတ်ခြင်း မရှိတော့ဘဲ အကြီးဆုံး ကာစီနို ရှန်ဂရီလာတစ်ရုံသာ လည်ပတ်လျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

ရှန်ဂရီလာမှာ ထိုင်း နယ်စပ်ဂိတ်နှင့် ကပ်လျက် ထီးခီးဆူးလေ ပုံတူစေတီ၏ မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်တွင် တည်ရှိသည်။

“ရှန်ဂရီလာ ရှိတဲ့ တောင်ကုန်းပေါ် ဒေသခံတွေ ဘယ်သူမှ တက်လို့ မရဘူး”ဟု ထီးခီးဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ရှန်ဂရီလာသို့ အလာများသော ထိုင်းသူဌေးများမှာ နယ်စပ်မှ မော်တော်ကားဖြင့် တိုက်ရိုက်လာရောက်လေ့ရှိကြောင်း ဒေသခံတို့က ဆိုကြသည်။

ထီးခီးမြို့ပြစီမံကိန်း တည်ဆောက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။ မြေမြှုပ်မိုင်းများကို ဦးစွာ ရှင်းလင်းပြီး သဘာ၀ပတ်ဝန်းကျင် မထိခိုက်ဘဲ တည်ဆောက်ရန် ထီးခီးမြို့ပြ စီမံကိန်း ရေးဆွဲရေး အစီရင်ခံစာတွင် အကြံပြုထားသည်။

ထီးခီးတွင် ယခုကဲ့သို့သော ကာစီနိုဝိုင်းများကို မည်သို့သော တရားဝင်မှုဖြင့် ဖွင့်လှစ်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထီးခီးအပါအဝင် တနင်္သာရီတိုင်းဒေသကြီးတွင် မည်သို့သော ကာစီနိုကိုမျှ ဖွင့်လှစ်ခွင့်ပြုထားခြင်း မရှိကြောင်း တနင်္သာရီတိုင်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက Dawei Watch သို့ဖြေကြားသည်။

“ထီးခီးနယ်စပ်က ပိတ်ထားတုန်း ရှိသေးတယ်။ ဘယ်သူမှ ဝင်ဖြတ်လာလို့ မရသေးဘူးလေ”ဟု ၎င်းက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မီဒီယာများ ဆက်သွယ်ရန် တပ်မဟာ (၄) က ထုတ်ပြန်ထားသော တယ်လီဖုန်းသို့ ဆက်သွယ်ရာ ‘ပြောဆိုနိုင်သော လူကြီး မရှိသေး’ ဟု ပြန်လည် ဖြေကြားသည်။

စစ်အာဏာရှင် စနစ်အမြစ်ပြတ် ဖြုတ်ချရေး ပြတ်ပြတ်သားသား တော်လှန်သွားမည်ဟု ဆိုထားသော KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်ပိုင်းများနှင့် စစ်ကောင်စီခန့် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ပူးပေါင်းဖွင့်လှစ်ထားသော ကာစီနိုမှာ နယ်စပ်ဂိတ်ဖွင့်ပြီးနောက်ပိုင်း ပိုစည်လာဖွယ်ရှိကြောင်း ထီးခီးနယ်စပ် ကုန်သည်တို့က ခန့်မှန်းကြသည်။  

ရှန်ဂရီလာနှင့် မနီးမဝေးတွင် စစ်ကောင်စီ တပ်စခန်းရှိပြီး ရှန်ဂရီလာကိုမူ KNU တပ်မဟာ (၄) တပ်သားတို့က စောင့်ကြပ်လေ့ရှိသည်။

စစ်အာဏာရှင် တွန်းလှန်တိုက်ဖျက်ရေး ကရင်တပ်အတွင်းသို့ ဝင်ရောက်လာသော တပ်သားအချို့မှာ တော်လှန်ရေး အလုပ်မလုပ်ရဘဲ တပ်မှူးများ၏ စီးပွားရေးလုပ်ငန်းများတွင် ထိုသို့ စောင့်ကြပ်ရခြင်းကို စိတ်ပျက်ရကြောင်း ညည်းညူလေ့ရှိကြောင်း ဒေသခံ ကရင်တိုင်းရင်းသား တစ်ဦးကဆိုသည်။

“လက်နက်ကိုင်ပြီး တပ်မှူးတွေရဲ့ သစ်ပုံ၊ မိုင်း (သတ္တုတွင်း) တွေ သွားစောင့်ပေးရတယ်။ အဲဒါ ငါတို့ လုပ်ချင်တဲ့ အလုပ်မဟုတ်ဘူးလေ”ဟု တပ်သား တစ်ဦးကို ကိုးကား၍ ၎င်းက ဆိုသည်။