ပေါင်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

0
2513

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ (ခေါ်) ပေါပီဆိုသူသည် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးမြင့်ရီကို ယနေ့ နံနက် ၇နာရီ ၁၅မိနစ်ခန့်က ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာတောင်ဘက်ခြမ်း ငွေလျံလက်ဖက်ရည် ဆိုင်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထားသည်။

“သူက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်နေချိန် ဝင်ပစ်သွားတယ်။ လေးချက် ထိသွားတယ်။ ပွဲချင်းပြီးပဲ” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းဒဏ်ရာတစ်ချက်၊ ရင်ဘတ်ဒဏ်ရာနှစ်ချက်နှင့် ဆီးခုံဒဏ်ရာတစ်ချက် တို့ဖြင့် အခင်ဖြစ်ပွားနေရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီကိုရှင်းလင်းစဉ် လက်ဖက်ရည်ဆိုင်အတွင်း အခြား ပျူစောထီး တပ်ဖွဲ့ဝင်များ ရှိနေသော်လည်း လက်နက်/ကျည်အားနည်းသည့်အတွက် ဦးမြင့်ရီတစ်ဦးတည်းကိုသာ ရှင်းလင်းနိုင်ခဲ့ကြောင်း အထူးစစ်ဆေးရေး တပ်ဖွဲ့က ထုတ်ပြန်သည်။

တပ်မ ၄၄ မှ စစ်မှူထမ်းဟောင်းဖြစ်သူ ဦးမြင့်ရီသည် ပျူစောထီးသင်တန်း ပေးနေသူဖြစ်ပြီး ရင်းငြိမ်ရဲစခန်းတွင် ညတိုင်းလုံခြုံရေးယူပေးနေသည်ဟုလည်း ပါရှိသည်။

ယင်းအပြင် ဦးမြင့်ရီသည် လူငယ်ငါးဦးကို ဖမ်းဆီးခြင်း၊ CDM နှင့် အခြားလူငယ်များကို ဖမ်းဆီးပြီး ငွေကျပ်သိန်း ၈၀ စီဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု အထူးစစ်ဆေးရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီလ ၂ ရက်ကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းဟောင်း ဦးကိုကိုလေးဆိုသူကိုလည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က (S.O.F) ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့နယ်အတွင်း ပြည်သူ့စစ်ခေါင်းဆောင်၊ နိုင်ငံရေးပါတီဝင်များနှင့် စစ်ကောင်စီသတင်းပေးဆိုသူတွေကို ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။