မြန်မာပွဲစားအသတ်ခံရမှုတွင် မြန်မာလုပ်သားလေးဦးကို ထိုင်းရဲဖမ်းဆီး

0
2635

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် မြန်မာပွဲစားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူမြန်မာအလုပ်သမား လေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါမြန်မာအလုပ်သမားလေးဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းတွင် ဘန်ပူရဲစခန်းက အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး အမှုအတွက် သရုပ်ပြစေခိုင်းခဲ့သည်ဟုဆိုသည်။

ဖမ်းဆီးခံထားရသူများမှာ အသက် ၂၀ နှစ်မှ ၂၆ နှစ်အရွယ်သာရှိသေးသော မြန်မာအလုပ်သမားများဖြစ်ကြပြီး အသတ်ခံရသူမှာ အသက် ၂၃ နှစ်အရွယ်ရှိ ကိုဗိုလ်မိုးဟိန်း အမည်ရှိသူ မြန်မာပွဲစားဖြစ်ကြောင်း ဖော်ပြသည်။

ကိုဗိုလ်မိုးဟိန်းသည် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံသားများကို ထိုင်းတွင် အလုပ်လုပ်ရန်အတွက် ခေါ်ယူပေးသော အလုပ်သမားပွဲစားတစ်ဦးဖြစ်ပြီး စက်ရုံများတွင် အလုပ်လျှောက်ပေးသောသူလည်းဖြစ်ကြောင်း ရေးသားထားသည်။

ကိုဗိုလ်မိုးဟိန်းကို နေထိုင်ရာ အခန်းအတွင်း၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဝမ်းဗိုက်နှင့် နောက်ကျောတွင် ဓားဒဏ်ရာများဖြင့် သွေးအိုင်ထဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပြီး နှစ်ရက်အတွင်း မြန်မာအလုပ်သမားလေးဦးကို အမှုအတွက်သံသယရှိသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းအနက် နှစ်ဦးကို ရယွန်းခရိုင်နှင့် ကျန်နှစ်ဦးကို စမွတ်ပရာကန်ခရိုင်တွင် သီးခြားစီ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ၎င်းတို့၏ အလုပ်စမတ်ခ (အလုပ်လျှောက်ထားခ) ကို လာရောက်တောင်းယူခဲ့ရာမှ ငွေပြန်မပေးသဖြင့် သတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံသည်ဟု ရဲတပ်ဖွဲ့ပြောဆိုချက်ကို ကိုးကားကာ ဖော်ပြသည်။

စက်ရုံတစ်ခုတွင် အလုပ်လျှောက်ထားရန်အတွက် ဘတ် ၁၀၅၀၀ ကို ပေးချေခဲ့ပြီး ပွဲစားမှာ သေချာမှုမရှိဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေသဖြင့် ငွေပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း ပြန်မပေးနိုင်ကြောင်း ပြောကြားခဲ့သဖြင့် ပါလာသောဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဝန်ခံသည်ဟုလည်း ရေးသားထားသည်။

ဓါးဖြင့်ထိုးခံရပြီးနောက် ကိုဗိုလ်မိုးဟိန်းမှာ လဲကျသွားပြီး ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့သဖြင့် အသံမထွက်နိုင်စေရန် ပါးစပ်နှင့် လက်တို့ကို အဝတ်စားများဖြင့် ချည်နှောင်ထားခဲ့ကြောင်း ရေးသားထားသည်။

ပြီးနောက် သေဆုံးသူ၏ ဖုန်းနှင့် ငွေများကို ယူဆောင်ခဲ့ကာ အသီးသီးခွဲ၍ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

လူသတ်မှု၊ ခိုးမှုများဖြင့် မြန်မာအလုပ်သမားလေးဦးကို ကနဦး အမှုဖွင့်အရေးယူထားပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Nation TV, Samut Prakan Press, Daily News