ကျောက်နီမော် ပျူစောထီးဒုခေါင်းဆောင်၏ သမီးနှင့်မြေး ပြန်လွတ်လာ

0
5426

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ပျူစောထီး ဒုခေါင်းဆောင်၏ သမီးနှင့်မြေးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြန်လွတ်လာသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၄ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် ကျောက်နီမော်ရွာအနီး ဇလွတ်ရွာအထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လာရောက် ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတယ်။ စားစရာ၊ သောက်ရေ၊ ဆေးဝါး၊ အဝတ်စားမှအစ အစစအရာရာ အဆင်သင့်ပါပဲ။ ရိုက်နှက်နှိပ်စက်တာမျိုး လုံးဝမရှိပါဘူး” ဟု အထက်ပါပြန်လွတ်လာသူက ပြောဆိုသည်။

ပြန်လွတ်လာသူနှစ်ဦးမှာ ပျူစောထီးဒုခေါင်းဆောင်ဟုဆိုသူ ဦးစိုးသန်း၏သမီးဖြစ်သူ ဒေါ်ချိုလွင်ဦးနှင့် မြေးဖြစ်သူ မောင်ယဉ်ကိုထက်တို့ဖြစ်သည်။

ဒေါ်ချိုလွင်ဦးနှင့် မောင်ယဉ်ကိုထက်မှာ သားအမိတော်စပ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်က ထားဝယ်မြို့သို့ ကင်းမွန်သွားရောင်းပြီး ပြန်လာစဉ် လောင်းလုံးမြို့နယ်ရှိ လမ်းပိုင်း တစ်နေရာ၌ ဒေါ်ချိုလွင်ဦးနှင့်အတူ သားကြီးမောင်ယာဉ်ကိုထက်၊ သားငယ် မောင်ရဲခန့်ကျော်ပါ မိသားစုသုံးဦးစလုံး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီး ဆယ်ရက်ခန့်အကြာတွင် သားငယ်မောင်ရဲခန့်ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။

ဒေါ်ချိုလွင်ဦးနှင့် သားကြီးမောင်ယဉ်ကိုထက်တို့ကို ဆက်လက်ထိန်းသိမ်းထားရာ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

‌ပြည်သူကာကွယ်ရေးတပ်ဖွဲ့က အဆိုပါသားအမိကို ၅၇ ရက်ကြာ ထိန်းသိမ်းထားပြီးမှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။