မောတောင်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်း အပြန်တွင်တိုက်ခိုက်ခံရ

0
2693

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်း ရိက္ခာပို့ပြီးအပြန်တွင် တိုက်ခိုက်ခံရကြောင်း ကားသမားအချို့နှင့် ကော်သူးလေတပ်မတော်၊ ကျားကွန်မန်ဒိုတပ်ဖွဲ့ (KTLA-TCJF) ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။

မောတောင်-ကော့သောင်းလမ်းဆုံ ရေဖြူရွာနှင့် ထုံခါရွာကြားတွင် ဖေဖော်ဝါရီလ ၁၃ ရက် ည ၆ နာရီက စစ်ကောင်စီ တပ်သား ၄၀ ကျော် လိုက်ပါလာသည့် ယာဉ်ငါးစီးကို တိုက်ခိုက်ခဲ့ကြောင်း KTLA-TCJF က ရုပ်သံမှတ်တမ်းနှင့်တကွ ဖေဖော်ဝါရီလ ၁၄ရက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ထိုင်း-မြန်မာနယ်စပ်ရှိ လေးကေစခန်းအား ရိက္ခာပို့ပြီး ကြိမ်ချောင်းကျေးရွာမှ တနင်္သာရီမြို့ဖက်သို့ မောင်းနှင်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရေအတွက် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

KTLA-TCJF ဘက်က ထိခိုက်မှုတစ်စုံတရာမရှိခဲ့ကြောင်းလည်း ပါရှိသည်။

“မနေ့ညက ရေဖြူဖက်မှာ ပစ်ကြခတ်ကြသေးတယ်လို့ပဲ ကြားတယ်။ အသေးစိတ်ကိုတော့ သူတို့ (ကာသမား) တွေလည်း မပြောနိုင်ဘူး” ဟု မြိတ်-မောတောင် ကုန်တင်ကားသမားတစ်ဦးက ပြောသည်။

ဘုတ်ပြင်း-ကော့သောင်းလမ်းပိုင်းတွင်လည်း ယင်းနေ့က ပြည်သူ့ကာကွယ်ရေးတပ်များအား တွေ့ရပြီး ကားရပ်တန့်ခိုင်းကာ မှန်ချပြီး မှောင်းနှင်ရန် ပြောဆိုခဲ့ကြောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

စစ်ကောင်စီက ပုလောနှင့် တနင်္သာရီမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်အတွင်း တပ်သားအင်အားနှင့် ရိက္ခာဖြည့်တင်းခြင်းများ ယခုရက်ပိုင်းတွင် ပြုလုပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။