ထားဝယ် ဝကုန်းရွာထဲ စစ်ကြောင်းဝင်လာသဖြင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေရ

0
2659

ထားဝယ်မြို့နယ် အရှေ့တောဒေသ ဝကုန်းရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းကစပြီး ဝင်ရောက်လာသောကြောင့် ဒေသခံ ရွာသူရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောက်မဲတောင်ရွာဘက်မှ ၂၃ မိုင် (ဝကုန်းရွာအနီး) ဘက်သို့ ထွက်လာနေသည့်အချိန်မှစ၍ ယနေ့အထိ တစ်ရွာလုံးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“လူတွေဖမ်းဆီးခံရတာ မကြားရသေးဘူး။ လူတွေကတော့ အသံကြားတာနဲ့ ဟိုနေ့တည်းကစ တစ်ရွာလုံး အားလုံး ထွက်ပြေးပြီးတော့ ကိုယ့်နေရာနဲ့ကိုယ် ရှောင်ပြေးနေကြတယ်။ အခုကတော့ (စစ်ကောင်စီတပ်က) ဘုန်းကြီးကျောင်း ရှေ့မှာ ရှိနေတယ်။ အိမ်တွေကို လိုက်ဖောက်နေတယ်ဆိုပြောတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ် ဝင်လာချိန် ရွာတွင် မနေရဲသည့် ဒေသခံများမှာ တောတောင် ဥယျာဉ်ခြံများထဲ ပုန်းအောင်း နေရသလို အချို့မှာ ဆွေမျိုးများရှိရာ ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“အခုတော့ ထွက်မရဲသေးလို့ မထွက်သေးဘူး။ ရွာထဲမှာ လူတစ်ယောက်မှမရှိဘူး တောထဲမှာပဲ” ဟု ဝကုန်းရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

မွန်းလွဲ ၁ နာရီခန့်တွင် ၂၃ မိုင်ဘက်က လက်နက်ကြီးပစ်ခတ်သံ နှစ်ချက်ကြားရပြီး သေနတ်သံများလည်း ကြားရကြောင်း ဒေသခံအချို့က ပြောသည်။

၂၃ မိုင်တွင် ပစ်ခတ်သံအချို့ကြားရသော်လည်း ထိတွေ့ပစ်ခတ်မှုအခြေအနေကို မသိရသေးပေ။

ရွာထဲက အိမ်နှစ်လုံးခန့် မီးရှို့ခံရသည်ဆိုသော သတင်းများထွက်ပေါ်နေသော်လည်း စစ်ကောင်စီတပ် ရွာထဲတွင် ရှိနေသဖြင့် အတည်မပြုနိုင်သေးဟု ဒေသခံအချို့က ပြောသည်။

ဇန်နဝါရီလ ၈ ရက်က ဝကုန်းရွာရှိ အိမ် ၁၅ လုံးမီးရှို့ခံခဲ့ရပြီး အခြားနေအိမ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ကြသည်ဟု ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။