ထိုင်းဒူးရင်းခြံထဲတွင် မြန်မာလုပ်သားနှစ်ဦး အသတ်ခံရ

0
2911

ထိုင်းနိုင်ငံ ချုံဖော်ခရိုင် ဘန့်နာ့ဒေသ ဒူးရင်းခြံထဲရှိ အလုပ်သမားတဲတွင် မြန်မာအလုပ်သမား နှစ်ဦး အသတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်က ဓားဖြင့် ခုတ်သတ်ခံရပြီး သွေးအိုင်ထဲ လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၄၈ နှစ်အရွယ်ရှိ ဦးမူရိန်မောင်နှင့် အသက် ၅၈ နှစ်အရွယ်ရှိ ဦးမောင်ခင်တို့ဖြစ်ကြပြီး အနီးရှိ အိတ်များတွင် သေဆုံးသူများ၏ အလုပ်သမားကတ်များနှင့် ဘတ်ငွေများကိုပါ တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလောင်းများတွင် လည်ပင်းကို ဓားဖြင့် အချက်ရေများစွာ ခုတ်ထားသော ဒဏ်ရာများတွေ့ရှိခဲ့ရပြီး အနီးတွင်လည်း သွေးစွန်းနေသော ဓါးနှစ်လက်ကိုပါ သက်သေအဖြစ် တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားနှစ်ဦးသေဆုံးနေသည်ကို တောင်ပေါ်ခြံထဲတွင် ရော်ဘာခြစ်ရန်အတွက် အချိန်ပိုင်း ငှားရမ်းထားသော ဦးမောင်က နံနက် ၆ နာရီခန့်တွင် တွေ့ရှိခဲ့ပြီးနောက် ခြံပိုင်ရှင်ကို အကြောင်းကြားခဲ့ကြောင်း ဖော်ပြထားသည်။

ခြံပိုင်ရှင်က လာရောက်သောအခါတွင် ခြံအလုပ်သမား ဦးမောင်ခင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး နောက်တစ်ဦးမှာ ၎င်းခြံက အလုပ်သမားမဟုတ်ဘဲ ခြံအနီးရှိ မြန်မာအလုပ်သမားတစ်ဦးဖြစ်နိုင်သဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ အနီးတဝိုက်ကို မေးမြန်းခဲ့ပြီးနောက် သေဆုံးသူများနှင့် ကျူးလွန်သူများသည် ကိစ္စတစ်ခုအတွက် လာရောက်ညှိနှိုင်းပြောဆိုကြရာတွင် သဘောမတူသဖြင့် ဓားဖြင့်သတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချထားသည်။

ကျူးလွန်သူများသည် အနီးရှိ ပစ္စည်းများကို ထိတွေ့ခဲ့ခြင်း မရှိခဲ့ဘဲ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ကျူးလွန်ခဲ့သူများသည် အနည်းဆုံး နှစ်ဦးဖြစ်နိုင်ပြီး အလုပ်သမားအချင်းချင်း သို့မဟုတ် ထိုင်းနိုင်ငံသား ဖြစ်မဖြစ် စသည်တို့ကို မသိနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလူသတ်မှုအတွက် အနီးရှိ ရွာသူရွာသားများက ကြောက်ရွံ့နေကြသဖြင့် ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီး ပေးနိုင်ရန် တောင်းဆိုထားပြီး ရဲတပ်ဖွဲ့က သက်သေအထောက်အထားများနှင့် CCTV များကို စစ်ဆေးပြီး အမြန်ဆုံး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Police TV, MGR Online