ပလမြို့၊ တိုရွာသားတစ်ဦး ပစ်သတ်ခံရ

0
2527

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာသား အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီဝန်းကျင်က တိုရွာအတွင်းသို့ ဝင်ရောက်လာသည့် အသက် ၄၀ ဝန်းကျင် အရွယ် ဦးစိုးပုဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

“ရွာထဲအဝင်မှာ ပစ်သတ်ခံရတာပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

တိုရွာ တောင်ပေါ်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည်ဟု ပြောဆိုသူများရှိသလို စစ်ကြောင်းထိုးလာသည့် တပ်နှင့် ထိပ်တိုက်တိုးကာ ပစ်သတ်ခံရသည်ဟုလည်း ဒေသခံအချို့က ပြောဆိုကြသည်။

“အဲဒီနေ့က အင်အားတစ်ရာလောက်ရှိတဲ့ စစ်ကြောင်း တိုပလကနေ သင်္ကန်းတောရွာဖက် ထိုးသွားတာတွေ့ရတယ်” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

တိုရွာတွင် တိုက်ပွဲမကြာခဏဖြစ်ပြီး နေအိမ်များလည်း မီးရှို့ခံရသည့်အတွက် ရွာသားများမှာ နီးစပ်ရာကျေးရွာများနှင့် လယ်ကွင်းများတွင် တဲထိုးကာ နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

လယ်ကွင်းအတွင်း တဲထိုးကာ နေကြသူများတွင် သေဆုံးသူ ဦးစိုးပု၏ မိသားစုလည်း နေထိုင်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။

“အလောင်းကိုတော့ မိသားစုတွေ သွားတောင်းပြီး မြေမြှုပ်လိုက်တယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံရသည်ကို မသိရသေးပေ။

တိုရွာသည် ပလမြို့၏ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) တွင် ပါဝင်သည့် ရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသည်။