ရှပ်ပုံရွာက စစ်ဘေးရှောင်များ ပုလောမြို့ပေါ်တွင် နေခွင့်မရ

0
2808
ပုံစာ - ပုလောမြို့ပေါ်ရှိ ယာယီစစ်ဘေးရှောင်စခန်း

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာမှ စစ်ဘေးရှောင်လာကြသည့် ပြည်သူများကို စစ်ကောင်စီဘက်က ပုလောမြို့ပေါ်တွင် နေထိုင်ခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့တစ်ဖက်ကမ်းရှိ ရှပ်ပုံရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းနောက် နေအိမ်အချို့ မီးရှိုခံရခြင်း၊ ရွာသားအချို့ကို ဖမ်းဆီးခြင်း၊ ရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ရွာသားတစ်သောင်းကျော်ဘေးလွတ်ရာ တောတောင်များနှင့် မြို့ပြ၊ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

ယင်းသို့ တိမ်းရှောင်ကြသည့်အထဲ ပုလောမြို့ပေါ်ရှိ အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်း အချို့တွင် ယာယီတဲထိုးနေထိုင်သူ စစ်ဘေးရှောင်သူ ခြောက်ရာနီးပါးရှိသည်။

ယင်းသို့ နေထိုင်နေစဉ် ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်ကောင်စီက ပုလောနှင့် တနင်္သာရီမြို့နယ်တို့အား
စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။

ယင်းနောက် လူငါးဦးထက် ပိုမစုရ၊ ညမထွက်ရအမိန့်ကို ဖေဖော်ဝါရီလ ၃ရက်တွင် ထုတ်ပြန်လာသည်။

ဖေဖော်ဝါရီလ ၄ရက် နံနက်တွင်မူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယာယီစခန်းသို့ ရောက်ရှိလာကာ ဖိအားပေးနေရပ်ပြန်ခိုင်းကြောင်း ဒေသခံအချို့က ပြောဆိုသည်။

လူငါးဦးထက် ပိုမစုရဆိုသဖြင့် လူစုလူဝေးဖြင့်နေထိုင်ခွင့်မရှိဘဲ အရေးယူခံရနိုသည်ဟု အကြောင်းပြကြောင်း ၎င်းတို့က ဆိုသည်။

“မာရှယ်လော ထုတ်ပြီးနောက်တစ်နေ့ကတည်းက အဆင်ပြေရာမှာ သွားနေတော့ဆိုပြီး နှင်ချလိုက်တာ။ ငါးယောက်ထက်ပိုရင် ပြဿနာတွေရှိတာကြောင့်မို့လေ” ဟု ပုလောမြို့ ရပ်မိရပ်ဖတစ်ဦးကပြောသည်။

စစ်ကောင်စီထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးအမိန့်တွင် လူငါးဦးထက်ပိုပြီး စုဝေးခြင်းမပြုရ၊ ပြုလုပ်လျင် တည်ဆဲဥပဒေဖြင့် အရေးယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ဘေးရှောင်အချို့မှာ ရွာပြန်ပြီး အများစုမှာ နီးစပ်ရာကျေးရွာ၊ အခြားမြို့များသို့ ပြောင်းရွှေ့သွားသည်ဟု ဒေသခံများက ပြောသည်။ ငွေကြေးတတ်နိုင်သူအချို့မှာ နေအိမ်ငှားရမ်းနေထိုင်ကြသည်ဟုလည်း ဆိုသည်။

“တချို့ကတော့ ရွာပြန်သွားကြတယ်။ ရွာပြန်နေမရဲကြတဲ့သူတွေလည်း ရှိတယ်။ သူတို့ကတော့ နီးစပ်ရာရွာတွေကို သွားကုန်ကြတာပေါ့” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ရှိနေဆဲဖြစ်ပြီး ရွာအတွင်းနေအိမ်များ၌ မနေရဲကြသည့် ပြည်သူများသည်လည်း ဘုန်းကြီးကျောင်းများ၌ သွားရောက်နေထိုင်နေကြကြောင်း ဒေသခံများထံမှသိရသည်။

ရှပ်ပုံရွာသည် အိမ်ခြေ ၂၅၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။