စပါးဈေး စံချိန်တင်မြင့်တက်

0
3092

ထားဝယ်ခရိုင်တွင် ယခုဖေဖော်ဝါရီလမှစပြီး စပါးဈေး စံချိန်တင်မြင့်တက်လျှက်ရှိကြောင်း စပါးအဝယ်ဒိုင်အချို့နှင့် လယ်သမားအချို့ထံမှ သိရသည်။

လက်ရှိ ထားဝယ်ခရိုင်တွင် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ၁၈၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးပေါက်နေပြီး ဆန်ချောအမျိုးအစား စပါးတစ်တင်းလျှင် ၂၀၀၀၀ နှင့် ၂၃၀၀၀ ကျပ်အကြား ဈေးပေါက်နေကြောင်း ၎င်းတို့က ဆိုသည်။

“ဒီလိုစပါးဈေးမျိုး တစ်ခါမှ မရဖူးသေးဘူး” ဟု လယ်လုပ်သက် နှစ် ၄၀ ကျော်ရှိသည့် လောင်းလုံးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးနိုင်လေးက ပြောသည်။

ယခုနှစ် မိုးစပါးပေါ်ချိန်မှစပြီး အတက်ဈေးဖြင့်သာ ရောင်းချနေရကြောင်း လယ်သမားအချို့က ဆိုသည်။

မိုးစပါးရာသီဖွင့်ချိန် ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းက ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ကျပ် ၆၀၀၀ ကျပ် ဝန်းကျင်၊ ဆန်ချောအမျိုးအစားဆိုပါက ကျပ် ၁၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။

ရာသီဖွင့်ချိန်ကနှင့် နှိုင်းယှဉ်ပါက စပါးဈေးနှစ်ဆကျော် မြင့်တက်သွားခြင်းဖြစ်သည်။

“မနှစ်တုန်းကဆိုရင် (ဆန်ချောအမျိုးအစား) ကမာကြည်တောင်မှ (တစ်တင်း) တစ်သောင်း (ကျပ်) တောင် မပြည့်ဘူး” ဟု ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာက လယ်သမားတစ်ဦးက ပြောသည်။

ပြည်ပဆန်တင်ပို့မှုများနေသဖြင့် ပြည်တွင်းတွင် စပါးဝယ်လိုအားများလာကာ ဈေးနှုန်းလည်း တက်လာခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“export (ပြည်ပပို့ကုန်) အရမ်းများနေတော့ ပြည်တွင်းမှာတောင် ဆန်ပြတ်လပ်မှာ စိုးရိမ်ရတယ်” ဟု ၎င်းကဆိုသည်။

ဆန်စပါးဈေးကွက်ထဲသို့ လုပ်ငန်းရှင်အသစ်‌များ ဝင်လာပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုများနေသလို ပြည်တွင်းရှိ ဆန်စက်ကြီးများကို ၎င်းလုပ်ငန်းရှင်အသစ်က လိုက်လံဝယ်ယူလျှက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

“စပါးဈေးက တစ်နိုင်ငံလုံး မြင့်တက်နေတာ။ အခြားဒေသနဲ့စာရင် ငါတို့တနင်္သာရီတိုင်းက စပါးဈေးက အနိမ့်ဆုံး ဖြစ်နေသေးတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

လက်ရှိနှုန်းအတိုင်း ပြည်ပဈေးကွက်သို့ ဆန်တင်ပို့နေပါက ပြည်တွင်းစပါးဈေးလည်း နောက်ထပ်မြင့်တက် လာနိုင်ခြေရှိပြီး ပြည်တွင်းတွင်လည်း ဆန်ပြတ်လပ်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သန်း တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီနှင့် မတ်လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန်သုံးသိန်း ပြည်ပတင်ပို့နိုင်ရန် ရည်မှန်းလုပ်ဆောင်လျှက် ရှိကြောင်း ဆိုသည်။

ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်အသင်းတာဝန်ရှိသူကမူ ပြည်တွင်းတွင် လိုသလောက် ဆန်ဝယ်ယူမရသည့် အနေအထားဖြစ်နေကြောင်း ဆိုသည်။

“မန္တလေးကနေ ဆန်အိတ်ငါးထောင်ဝယ်ဖို့ပြောတာ ‌ရောင်းပေးဖို့မရှိဘူးလို့ပြောတယ်။ သူတို့လက်ထဲမှ ဆန်မှမရှိတာ” ဟု ၎င်းက ဆိုသည်။

ဧပြီလအထိ ဆန်စပါးဈေးတည်ငြိမ်မှုမရှိဘဲ အတက်ဘက်တွင်ရှိနေနိုင်ကြောင်း ဆန်လုပ်ငန်းရှင်များက ခန့်မှန်း နေကြသည်။

‌တနင်္သာရီတိုင်းအပါအဝင် ပြည်တွင်း မလုံခြုံမှု၊ သွင်းအားစုဈေးအဆမတန်ကြီးမြင့်မှု စသည့် အကြောင်းအမျိုးမျိုး ကြောင့် ပစ်ထားသည့် လယ်ဧကများလာကာ ယခုနှစ်တွင် စပါးအထွက်လျော့ကျသွားသဖြင့် လုပ်ငန်းရှင်များ လိုသလောက် စပါးဝယ်ယူမရဘဲဖြစ်နေသည်ဟု ဆိုသည်။

စပါးဈေး စံချိန်တင်မြင့်တက်လာခြင်းနှင့်အတူ သွင်းအားစုဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများလည်း ထက်ကြပ်မကွာတက်လိုက်လာနေသဖြင့် လယ်သမားများအတွက်မူ အကျိုးခံစားခွင့် သိသိသာသာ ရလာခြင်းမရှိဘဲ ဖြစ်နေကြောင်း ဒေသတွင်းရှိ လယ်လုပ်တောင်သူတို့က ပြောဆိုကြသည်။