ရဲဘော် ၃ဝခန့်ကို လဝက်ခန့်အကြာတွင် အဆက်အသွယ်ပြန်ရပြီဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဆို

0
3257

လက်နက်သွားသယ်စဉ် လဝက်ကြာအဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော် ၃ဝခန့်နှင့် အဆက်အသွယ် ပြန်ရပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ်တွင် အဓိက လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထံတွင် လက်နက်သွားသယ်ရာ အဆက်အသွယ်ပြတ်တောက်သွားပြီ ပြန်ပေးဆွဲခံရသည့်သဖွယ်ဖြစ်နေသည်ဟု အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၈ ရက်က ဝေဖန်ပြောဆိုမှုများထွက်ပေါ်ခဲ့သည်။

ရဲဘော်များနှင့် မိခင်တပ်ရင်းတို့ အဆက်အသွယ်များ ပြန်လည်ရရှိပြီဖြစ်ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်တွင် အသိပေးကြေညာထားသည်။

ရဲဘော် ၃၀ ဦးခန့်မှာ KNU တပ်မဟာ ၄ ၏ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ အကူအညီဖြင့် လက်နက်ခဲယမ်း သယ်ယူရန် နယ်စပ်ကို ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူ ပြောသည်။

ယင်းသို့သွားစဉ် လမ်းခရီးအခြေအနေကြောင့် မိခင်တပ်ရင်းနှင့် ဖုန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လမ်းကြောင်းတစ်လျှောက်ပေါ့။ ဖုန်းလိုင်းလည်း မမိဘူးဆိုတော့ အဆက်အသွယ်လည်းပြတ်သွားတယ်၊ တောက်လျှောက်ပဲ။ နယ်စပ်ကိုရောက်မှပဲ ဖုန်းလိုင်းကလည်း ပြန်မိတယ်။ တောက်လျှောက်ကတော့ အဆက်အသွယ် ပြတ်နေတယ်။ ပြတ်နေတဲ့အချိန်မှာမှ သတင်းတွေကလည်း တက်လာတော့ အဖွဲ့အစည်းကလည်း စိုးရိမ်မှုတွေ ဖြစ်သွားတယ်ပေါ့” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

ရဲဘော်များ ထွက်ခွာသွားပြီး နှစ်ပတ်ခန့်ကြာသည်အထိ မိခင်တပ်ရင်းနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆက်အသွယ် မရသည့်ကာလတွင် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ရဲဘော်များကို KNU တပ်မဟာ ၄ က လိမ်လည် ခေါ်ဆောင်သွားပြီး အကာအကွယ်သဖွယ်အသုံးချနေကာ ဖုန်းများကိုလည်းသိမ်းထားသဖြင့် အဆက်သွယ်မရဘဲ ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့တာဖြစ်သည်။

အဆိုပါသတင်းမှာ ကော်သူးလေတပ်မတော်၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် Union Brothers – UB အဖွဲ့ဝင် တို့က ပြောဆိုခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုအကြား ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ယခင်ကလည်း နက်လက်ခဲယမ်းသယ်ယူရန် ယခုကဲ့သို့ပင် ရဲဘော်များ သွားလာလေ့ရှိပြီး ယခုတစ်ကြိမ်တွင် ၂ ပတ် ကြာသည်အထိ မည်သည့်အကြောင်းအရင်းကြောင့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်ဆိုသည့် အသေးစိတ် အခြေအနေကို ရဲဘော်များပြန်ရောက်လာမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။