မြန်မာနိုင်ငံသို့ လူကုန်ကူးခံရသူများအပါအဝင် နိုင်ငံသားရှစ်ဦးကို ဖိလစ်ပိုင်အစိုးရပြန်ခေါ်

0
2967

မြန်မာနိုင်ငံသို့ လူကုန်ကူးခံရပြီး ဒစ်ဂျင်တယ်ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများတွင် စေခိုင်းခံရသူလေးဦးနှင့် တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်ဆီးခံရသူလေးဦးတို့ကို ဖိလစ်ပိုင်နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးတို့သည် ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ လေကြောင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အသက် ၂၀ ကျော် အမျိုးသမီး လေးဦးမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံထားရသူများ ဖြစ်သည်ဟု ဆိုသည်။

နောက်ထပ် အသက် ၃၀ ကျော် ဖိလစ်ပိုင်အမျိုးသား လေးဦးတို့သည် ဒူဘိုင်းအခြေစိုက် အေဂျင်စီတစ်ခု၏ အလုပ်ခန့်ထားမှုဖြင့် ထိုင်းနိုင်ငံတွင် Customer Support နှင့်ပက်သက်သော အလုပ်လုပ်ကိုင်ရန် ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ၎င်းတို့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ပို့ဆောင်ခြင်းခံရပြီး လှေဖြင့် နယ်စပ်မြစ်ကိုဖြတ်ကာ မြန်မာနိုင်ငံ မြဝတီမြို့ရှိ လက်နက်ကိုင်နေရာတစ်ခုထံသို့ ၂ လနီးပါးအထိ လူကုန်ကူးခံခဲ့ရကြောင်း ဖိလစ်ပိုင် သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

၎င်းတို့သည် တရုတ်ဒုစရိုက်သမားများပိုင်ဆိုင်သော Cryptocurrency ဒစ်ဂျင်တယ် ငွေကြေးရာဇဝတ်မှုများပြုလုပ်ရန် အတင်းအကျပ် စေခိုင်းခံခဲ့ရသည်ဟု ဆိုသည်။

အမျိုးသမီးများအဖြစ် ဟန်ဆောင်ရကာ အနောက်တိုင်းသားအများစုကို အွန်လိုင်းမှတစ်ဆင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ခဲ့ရပြီး Cryptocurrency လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလာစေရန် ဖျားယောင်းသိမ်းသွင်းရန် စေခိုင်းခံခဲ့ရကြောင်း ရေးသားထားသည်။

ထို့အတွက် ၎င်းတို့သည် လစာနှင့် အကျိုးအမြတ်အချို့ကို ရရှိခဲ့သော်လည်း သတ်မှတ်လူဦးရေ မပြည့်မီပါက ရိုက်နှက် ပြစ်ဒဏ်ပေးခံရခြင်း၊ လုပ်အားခ မပေးခြင်း၊ အစာမကျွေးခြင်း စသည့်နှိပ်စက်ဒဏ်များ ခံခဲ့ရကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူပြောသည်။

၎င်းတို့ လေးဦးကို မည်ကဲ့သို့ ကယ်တင်နိုင်ခဲ့သည်ဆိုသည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

ဖိလစ်ပိုင်နိုင်ငံသားများကဲ့သို့ အခြား နိုင်ငံခြားသားများသည်လည်း မြန်မာနိုင်ငံအတွင်းသို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များမှတစ်ဆင့်သာ တရားဝင် ဝင်ရောက်နိုင်ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။

အွန်လိုင်းပေါ်က လိမ်လည်ခေါ်ယူနေသော အလုပ်အကိုင်များနှင့် တရားမဝင် အလုပ်ခေါ်စာများမှတစ်ဆင့် လူကုန်ကူးခံရမှုများကို သတိထားကြရန် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသားများ၏ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအတွက် စေခိုင်းခံထားရသော ဖိလစ်ပိုင်နိုင်ငံသား ၅၀ မှ ၇၀ အထိရှိနေပြီး ယခင်နှစ်က ဖိလစ်ပိုင်နိုင်ငံသား အနည်းဆုံး ၁၁၉ ဦးအထိ ‌နေရပ်ပြန်ခေါ် နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီးတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ စစ်ကောင်စီတပ်များနှင့် တရုတ်ဒုစရိုက် သမားများ ပူးပေါင်းကာ တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေကြပြီး ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် အိန္ဒိယ နိုင်ငံသားများ မကြာခဏ လူကုန်ကူးခံနေရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Benar News, Philstar.com, ABS-CBN News