ဗိုလ်ချုပ်မွေးနေ့တွင် ပဲပြုတ်နံပြားကျွေးသည့် ဇနီးမောင်နှံ ခေါ်ယူစစ်ဆေးခံရ

0
2899

မြိတ်တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်က ပဲပြုတ်နံပြားကျွေးသည့် ပါရမီရပ်က ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးခဲ့ကြောင်း ယင်းရပ်ကွက်နေသူတို့မှ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၈ နှစ်ပြည့် မွေးနေ့ဖြစ်သည်။

“လင်မယားနှစ်ယောက်လုံးကို ဖမ်းသွားတဲ့သတင်းက တစ်ရပ်ကွက်လုံး ကျော်သွားတာ။ နေ့ချင်းပဲ ပြန်လွှတ်လိုက်တယ်” ဟု ပါရမီရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ပဲပြုတ်နံပြားကျွေးသည့် ကာယကံရှင် ဇနီးမောင်နှံတို့နှင့် အဆက်အသွယ် မရသေးသဖြင့် ခေါ်ယူစစ်ဆေးခံခဲ့ရသည့် အကြောင်းအရင်း အသေးစိတ်အခြေအနေအား မေးမြန်းခွင့်မရခဲ့ပေ။

ထို့အပြင် မြို့ပေါ် ရပ်ကွက်တို့ရှိ နေအိမ်အချို့တို့တွင်လည်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နံပြား ကျွေးရန် စီစဉ်မှုများရှိခဲ့ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

“အိမ်နားက တစ်ယောက်က ပဲပြုတ်နံပြားကျွေးမလို့လုပ်နေတာ ဘေးနားနေသူတွေက ဒီလိုအချိန်မျိုးမှာ ကျွေးလို့ မရဘူးလို့ အသိပေးလိုက်ရတာ။ မကျွေးဖြစ်ပဲ ပါဆယ်ထုတ်ပြီး အသိအိမ်တွေ လိုက်ပို့လိုက်ရတယ်” ဟု မြိတ်တောင်နယ်မြေ ရပ်ကွက်တစ်ခုတွင် နေထိုင်သူတစ်ဦးက ပြောသည်။

NLD အစိုးရလက်ထက်က ဗိုလ်ချုပ်မွေးနေ့ရောက်တိုင်း ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် မြို့လယ်ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တွင် ပဲပြုတ်နံပြားကျွေးလေ့ရှိသည်။