ဘန်ကောက်တွင် ဆောက်လုပ်ဆဲတိုက်ပြိုကျ၊ မြန်မာလုပ်သားငါးဦးဒဏ်ရာရ

0
3091

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအလုပ်သမား ၁၀၀ ကျော်လုပ်ကိုင်နေသော ဆောက်လုပ်ဆဲတိုက် ဖေဖော်ဝါရီလ ၁၂ ရက်က ပြိုကျပြီး မြန်မာအလုပ်သမား ငါးဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘန်ကောက်မြို့ ဟွေ့ခဝါင်းဒေသ ဘန်ကပီရှိ လေးထပ်မြင့်တိုက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမား ၁၀၀ ကျော်မှာ လုံခြုံရေးအတွက် ရှောင်တိမ်းခဲ့ရကြောင်း ဖော်ပြသည်။

တတိယထပ်နှင့် စတုတ္ထထပ်တို့သည် ဒုတိယထပ်သို့ ပြိုကျသွားခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များသည် အပျက်စီးများကြားတွင် ပိတ်မိနေသော မြန်မာအလုပ်သမားသုံးဦးကို ရှာဖွေကယ်ဆယ်ခဲ့ရကြောင်း ဆက်လက် ဖော်ပြသည်။

အဆိုပါမြန်မာအလုပ်သမားသုံးဦးတွင် ဦးခေါင်းကွဲနှင့် ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး နောက်ထပ် မြန်မာအလုပ်သမား အမျိုးသမီးနှစ်ဦးလည်း မူးမေ့သတိလစ်သွားသဖြင့် ၎င်းတို့အားလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါအဆောက်အအုံသည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှစ၍ ဆောက်လုပ်ရေးကာလ ၁ နှစ်ကြာ တည်ဆောက်နေခြင်း ဖြစ်ပြီး လုပ်ငန်းခွင်အတွက် မြန်မာအလုပ်သမားအများစု အပါအဝင် အလုပ်သမား ၁၃၀ လုပ်ကိုင်နေကြောင်း ဖော်ပြသည်။

အဆောက်အအုံ မပြိုကျမီတွင် ပြိုကျတော့မည့်အကြောင်း အလုပ်သမားက အော်ဟစ်သတိပေးခဲ့ကြသဖြင့် အလုပ်သမားအများစု ရှောင်တိမ်းနိုင်ခဲ့ကြသည်ဟု ဆိုသည်။

ပြိုကျခဲ့ပြီးနောက် ဒဏ်ရာရရှိသူ ငါးဦးနှင့် ကျန်သောအလုပ်သမား ၁၂၅ ဦးကို ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ပျောက်ဆုံးသူ မရှိခဲ့ကြောင်း ဖော်ပြထားသည်။

အဆောက်အအုံပြိုကျမှုအတွက် လုပ်ငန်းခွင်အကြီးကဲတစ်ဦးကို ရဲစခန်းသို့ ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဘိလပ်မြေလောင်းစဉ်တွင် တစ်နေရာတည်း စုပြုံလောင်းနေသဖြင့် ငြမ်းစင်မှာ ခံနိုင်ရည်မရှိတော့ဘဲ ပြိုကျခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းတွေ့ရှိခဲ့ရကြောင်းလည်း ရေးသားထားသည်။

အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လုံခြုံရေးအရ စိတ်ချမှုရှိစေရန်အတွက် ၁ လ ပိတ်ပင်ထားရန် ညွှန်ကြားထားကြောင်း ဖော်ပြသည်။

Ref: PPTV HD 36, The Thaiger, The Standard