စစ်ကောင်စီတပ်ကို ကော်သူးလေက သုံးရက်အတွင်းထွက်ခိုင်း၊ အဖွဲ့အမည်မတပ်ဘဲလည်း သတိပေးချက်ထုတ်

0
5977

တနင်္သာရီတိုင်းရှိ နယ်စပ်စခန်းသုံးခုက စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အခြားတပ်ရင်းတပ်ဖွဲ့များ အနေဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မတိုင်မီ ထွက်ခွာသွားရန် ကော်သူးလေတပ်မတော်က ထုတ်ပြန်ထားသည်။

ဆာကဆောတိုင်းစစ်ဌာနချုပ် (တနင်္သာရီတိုင်း) နယ်မြေအတွင်းရှိ စစ်ကောင်စီနယ်စပ်စခန်းများဖြစ်သည့် ခြေလျင် တပ်ရင်း ၂၀၃ ၏ မောထစခန်း၊ ခြေလျင်တပ်ရင်း ၂၅ ၏ ထောင်းမဖြူးစခန်း၊ ကမာ့ပလောင်းစခန်းများနှင့် စစ်ကောင်စီလက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ ထွက်ခွာသွားရန် ဖေဖော်ဝါရီလ ၁၂ရက်က ထုတ်ပြန်ခြင်းဖြစ်သည်။

ကော်သူးလေတပ်မတော်၏ ထုတ်ပြန်ချက်တွင် အမိန့်ထုတ်ရသည့်အကြောင်းအရာ ခြောက်ခုကိုဖော်ပြထားသည်။

၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ပြည်သူများကို နှောင့်ယှက်ခြင်းနှင့် မိုင်းထောင်ခြင်းများ လုပ်ဆောင်နေကြောင်း ပါရှိသည်။

ယင်းအပြင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အဖွဲ့အစည်းတစ်ခုက PDF များကို လိမ်ညာပြောဆိုစည်းရုံးပြီး ဒေသခံ များနှင့် ကော်သူးလေတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ လက်နက်သိမ်းယူခြင်းများလုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အဖွဲ့အစည်းဟူ၍သာ ဖော်ပြထားပြီး မည်သည့်အဖွဲ့ဖြစ်သည်ကို အမည်တပ်၍ တိတိကျကျ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။

ကျေးရွာလုံခြုံရေးအတွက်ထားရှိသည့် သေနတ် ၇ လက်ကို အထက်ပါအဖွဲ့အစည်းက သိမ်းဆည်းသွားသဖြင့် သေနတ်များပြန်ပေးရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအနေဖြင့် ယင်းအဖွဲ့အစည်းများနှင့် မပူးပေါင်းဘဲ ကော်သူးလေနှင့်သာ ပူးပေါင်းရန်လည်း ဖော်ပြထားသည်။

စစ်ကောင်စီနှင့် ပူးပေါင်းထားသည့်အဖွဲ့အစည်းနှင့် လက်အောက်ခံ PDF များအနေဖြင့် ကော်သူးလေတပ်ကို ထပ်မံ နှောင့်ယှက်ပါက အကျိုးဆက်ကို ပြုလုပ်သူအပေါ်တွင်သာ မူတည်မည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်ကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အသီးသီးကလည်း ကရင် နှစ်ဖက်တပ် နယ်မြေများအကြားတွင် ရှိနေကြသည်။

ဖေဖော်ဝါရီ ၁ ရက်ကမူ ထားဝယ်-ထီးခီးလမ်းရှိ ဝါးတောကျေးရွာအနီးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နှင့် ကော်သူးလေတို့ တိုက်ပွဲဖြစ်ပွားပြီး ကော်သူးလေတပ်သားတစ်ဦး ကျဆုံးခဲ့သည်။

ထိုကြောင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ (၄) နှင့် ကော်သူးလေ တို့အကြား စစ်ရေးတင်းမာမှုမှာ အမြင့်ဆုံးအခြေအနေတွင် ရှိနေသည်။

အဆိုပါနှစ်ဖွဲ့ကြား ပြဿနာမှာ တငွေ့ငွေ့ဖြင့် ကာလကြာရှည် အတွင်းလှိုက်လောင်မြိုက်နေရာမှ ယခုအခါ လူသိထင်ရှား ဖြစ်လာခဲ့သည်။

KNU နှင့် ကော်သူးလေတို့သည် ယခုနှစ် ဇန်နဝါရီလကုန်ရက်တွင် ကြေညာချက်များ နှစ်ဘက် အပြန်အလှန် ထုတ်ပြန်ကြပြီးနောက် လူသိရှင်ကြား ဖြစ်လာသည်။

ကော်သူလေးတပ်မတော်က ၎င်းတို့၏ အုပ်ချုပ်ရေးအပိုင်းတွင် ဝင်ရောက်စွက်ဖက်ပြီး အနှောင့်အယှက် ဖြစ်နေ ကြောင်း KNU ၏ ဇန်နဝါရီလ ၃၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကော်သူးလေတပ်မတော်ဘက်ကလည်း KNU ၏ အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်သည့် အပြုအမူများ လုပ်ဆောင်ခြင်း မရှိဘဲ စစ်ကောင်စီတပ်က ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မည့်အရေး ဟန့်တားခြင်းသာဖြစ်ကြောင်း ယင်းနေ့တွင်ပင် ထုတ်ပြန်ချက်ထုတ်ကာ တုံ့ပြန်ထားသည်။

စစ်အာဏာရှင်စနစ်ကို တော်လှန်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသော KNU တပ်မဟာ (၄) နှင့် ကော်သူးလေ တို့အကြား အက်ကြောင်းပိုထင်ရှားလာပြီး လက်ရှိ စစ်ရေးတင်းမာမှုများကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာကြရန် တနင်္သာရီတိုင်းအတွင်းနေ ကရင်ပြည်သူများက ဖေဖော်ဝါရီလ ၇ ရက်က တောင်းဆိုထားသည်။