သထုံတွင် လက်နက်ကြီးကြောင့် ရဟန်းနှစ်ပါးနှင့် ကိုရင်ငယ်တစ်ပါး ဒဏ်ရာရ

0
2721

သထုံမြို့နယ် မိချောင်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရဟန်းနှစ်ပါးနှင့် ကိုရင်ငယ်တစ်ပါး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် အမှတ် (၉) အမြှောက်တပ်ရင်းက ဖေဖော်ဝါရီလ ၁၁ ရက် ည ၈ နာရီခွဲ ခန့်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-သထုံခရိုင်က ယနေ့ ထုတ်ပြန်သည်။

ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များအနက် တစ်လုံးသည် မိကျောင်းအိုင်ရွာဘုန်းတော်ကြီးကျောင်း သိမ်ပေါ် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းသို့ကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် သက်တော် ၅၆ နှစ်ရှိ ဦးသောမန၊ သက်တော် ၇၁ နှစ်ရှိ ဦးပဏ္ဍိတတို့ ထိခိုက်ဒဏ်ရာရသည့်အပြင် သိမ်အဆောက်အအုံလည်း ထိခိုက်ပျက်ဆီးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ် ခမရ-၉ နှင့် ခမရ-၃၁၄ တပ်ရင်းတို့က ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်တွင်းရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။

“စစ်ကောင်စီတပ်ရင်းတွေက ဘာတိုက်ပွဲမှမရှိဘဲ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်။ ရွာထဲကျရင် လူထိ၊ အိမ်ထိ၊ သေသွားတာတွေလည်း ရှိတယ်။ ဒီလိုဖြစ်စဉ်မျိုးက မကြာခဏဖြစ်ပွားနေတယ်” ဟု ကေအဲန်ယူ-သထုံခရိုင်အတွင်းက ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်ကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ်ရင်း ၃၁၇ က ပစ်ခတ်သည့် လက်နက်ကြီးကျည် စုစည်းမြိုင်ရွာ ဘုန်းတော်ကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲသဖြင့် ကိုရင်ငယ်တစ်ပါး ပျံလွန်ပြီး ရဟန်းတစ်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူတို့မှာ စိုးရိမ်ထိတ်လန့်ကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသူများလည်း ရှိနေသည်။